လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန် မြှင့်တင်ရေး Book Club  အဖွဲ့ဝင်များနှင့် ပူးပေါင်း၍   စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်း ပြုလုပ်

လိပ်သို မေ ၃      

လူငယ်များ၊ ကျောင်းသား/ကျောင်းသူများအတွင်း စာဖတ်ရှိန် မြှင့်တင်ရေးနှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်အတွက် ကရင်ပြည်နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာဖေမြင့် ရေးသားသော “မူမှန်စိတ်၊ မူမှန်အတွေး၊ မူမှန်အကျင့်အကြံ (၂)” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲနှင့် စာအုပ်စာစောင်ပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်း ပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ် အယူအဆများကို မျှဝေဖလှယ်နိုင်ခြင်း၊ စာပေဖတ်ရှုခြင်းဖြင့် အသိအမြင် ဗဟုသုတ တိုးပွားစေခြင်း  စသည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည့်အတွက် စာပေများ ဖတ်ရှုလေ့လာရန် လိုအပ်ကြောင်းနှင့် စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စာဖတ်ဝိုင်းပြုလုပ်ရာ Book Club အဖွဲ့ဝင် စောပြည့်ဖြိုးဦးက စာရေးဆရာ ဖေမြင့် ရေးသားသော “မူမှန်စိတ်၊ မူမှန်အတွေး၊ မူမှန်အကျင့်အကြံ (၂)” စာအုပ်မှ လူသည် ခံစားမှုဖြင့် လှုပ်ရှားတုံ့ပြန်တတ်သော သတ္တဝါဖြစ်လေရာ လူ၏ အပြုအမူကို ထိန်းသိမ်းပဲ့ကိုင်ရာ၌ ခံစားမှုက ဆင်ခြင်မှုထက် ပို၍ အဓိကကျသည်ဟု ဆိုလေ့ရှိကြကြောင်း၊ လူတစ်ဦး၏ အပြုအမူကိုကြည့်ကာ သူ၏စိတ်အခြေအနေကို အကဲဖြတ်လို့ရကြောင်း  စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။

ထို့နောက် စာဖတ်ဝိုင်း တက်ရောက်လာသူ Book Club အဖွဲ့ဝင်များက ဖတ်ကြားဆွေးနွေးခဲ့သော ခေါင်းစဉ်များအပေါ် မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက် စိတ်ထားများကို အချင်းချင်းအပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။   

ခင်လေးနွယ် (လိပ်သို)