မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတား အနီးတစ်လျှောက်ဌာနဆိုင်ရာများစုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ပေး

မြဝတီ        ဧပြီ      ၃၀

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင်  ခေတ္တယာယီပိတ်ထားသည့် မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားအား ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ၊ တစ်ဖက်နိုင်ငံတွင် သွားရောက်လုပ်ကိုင်နေသည့် လုပ်သားများနှင့် အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများအား ပြန်လည်ကြိုဆိုနေရာချထားရေးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်ရန်နှင့် နှစ်နိုင်ငံကုန်စည်စီးဆင်းမှုများ ပြန်လည်လည်ပတ်နိုင်စေရေးအတွက် တံတားပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက  အဆိုပါတံတားအနီးတွင် ဌာနဆိုင်ရာများစုပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး  ဆောင်ရွက်ပေးရာတွင်  လမ်းလယ်ကျွန်းရှိ အမှိုက်များအား  အမှိုက်သယ်ယာဉ်ဖြင့် စနစ်တကျသိမ်းဆည်းခြင်း၊ လမ်းလယ်ကျွန်းတွင် စိုက်ပျိုးထားသော ပန်းပင်များအား စိမ်းလန်းစိုပြေလှပစေရေး ရေလောင်းပေးခြင်းနှင့် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှ အာရှလမ်းမကြီးတစ်လျှောက် မြေနီကုန်းမီးပွိုင့်အထိ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ သန့်ရှင်းရေးဆောင်ရွက်ပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကျော်ဦးနှင့် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၏ဦးဆောင်လမ်းညွှန်မှုဖြင့် ဝန်ထမ်းများက အမှိုက်သိမ်းယာဉ်များ စနစ်တကျ စုပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)