ကော့ကရိတ် ဧပြီ ၃၀
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် တိုက်ပွဲဖြစ်စဉ်များကြောင့် မြို့နေပြည်သူလူထုများသည် ဘေးလွတ်ရာ ဆွေမျိုးများနေအိမ်နှင့် ဘာသာရေးအဆောက်အဦများသို့ ယာယီပြောင်းရွှေ့ နေထိုင်ခဲ့ကြရာ ယခုအခါ နယ်မြေတည်ငြိမ်အေးချမ်းလာမှု အားကောင်းလာပြီးဖြစ်သည့်အတွက် ဧပြီလ ၂၈ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး ကော့ကရိတ်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင် လာကြရာ ယနေ့နံနက်ပိုင်းအချိန်၌လည်း စဉ်ဆက်မပြတ် ဆက်လက်ပြန်လည်ဝင်ရောက် နေထိုင်လျက်ရှိရာ တာဝန်ရှိသူများကလိုအပ်သည့် ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
ကော့ကရိတ်မြို့အတွင်း အများပြည်သူအေးချမ်းစွာ ပြန်လည်နေထိုင်နိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးစောထွန်းအောင်၊ ကေ့ာကရိတ်မြို့တပ်နယ်မှ စစ်ဗျူဟာမှူး၊ ကရင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူး၊ ကေ့ာကရိတ်ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကေ့ာကရိတ်မြို့အတွင်း ထိခိုက် ပျက်စီးမှုများ၊ အပျက်အစီးများအား ရှင်းလင်းဖယ်ရှားခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် လုံခြုံရေးအစီအမံများ စီမံဆောင်ရွက်ပေးခြင်းတို့ကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြပြီး နေအိမ်မီးလောင်ပျက်စီးဆုံးရှုံး အိမ်ထောင်စုများအား နေရာချထားပေးနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထိုနောက် ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများက မြို့မဘုန်းတော်ကြီးကျောင်း ဆရာတော်အား သွားရောက်ဖူးမျော်ကြည်ညိုခဲ့ကြပြီး ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့ဝင်များသည် နေရပ်ပြန်လည် နေထိုင်သည့်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ကေ့ာကရိတ်မြို့တွင် လျှပ်စစ်မီးများ ပြန်လည်ရရှိရေးအတွက် ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာမှူးက ဦးဆောင်ကြီးကြပ်၍ လျှပ်စစ်ဝန်ထမ်းများမှ ပျက်စီးသွားသည့် လျှပ်စစ်မီးကြိုးများအား ရှင်းလင်းဖယ်ရှားခြင်းနှင့် လျှပ်စစ်မီးကြိုးများ အသစ်ပြန်လည်ပြုပြင် တပ်ဆင်သွယ်တန်းနိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်