ထန်ပါခွေ နိုဝင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့တွင် ၂၀၂၀-ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံနေရာ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအား လဟယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်(ထန်ပါခွေရပ်ကွက် မဲရုံအဖွဲ့ခေါင်းဆောင်) ဦးစောဝဏ္ဏအောင်၊ ထန်ပါခွေရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ယနေ့ နံနက်(၁၀) နာရီ အချိန်က ရွေးကောက်ပွဲကျင်းပပြုလုပ်မည့် (အ.ထ.က)ကျောင်းရှိ မဲရုံအားကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားမှုရှိ၊ မရှိ၊ မဲရုံပရိဝုဏ်အတွင်းရှိ မဲဆန္ဒရှင်များ၏ ကျန်းမာရေး စစ်ဆေးရေးဂိတ် ဆောင်ရွက်ထားရှိမှု၊ လွှတ်တော်တစ်ရပ်ချင်းစီအလိုက် ဆန္ဒမဲပုံးများ ပြင်ဆင်ထားရှိမှု၊ မဲဆန္ဒရှင်ပြည်သူများအဆင်ပြေလွယ်ကူစွာ ဆန္ဒမဲပေးနိုင်ရေးအတွက်နေရာ ပြင်ဆင်ထားရှိမှုများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
လဟယ်မြို့နယ်၊ ထန်ပါခွေမြို့နယ်(ခွဲ)တွင် မဲရုံ (၁၄) ရုံနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း(၃၃၉၁) ဦးရှိကြောင်း လဟယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ဟန်ထွန်း(အင်းဝ)