ပေါင်းတည်မြို့၌ ရတနာတိုး ရက် ၉၀ နွေစပါးစိုက်ပျိုးခင်းများ ဖြစ်ထွန်းအောင်မြင်လျက်ရှိ

ပေါင်းတည် မေ ၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မတ်လ ပထမအပတ်က Drum Seeder ဖြင့် အစေ့ချစိုက်ပျိုးခဲ့သော ရတနာတိုး နွေစပါးစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်လျက်ရှိ​ကြောင်း သိရသည်။

အဆိုပါ စိုက်ခင်းများသည် ရန်ကုန်-ပြည် ကားလမ်းဘေးရှိ ကြူတောကန်ကျေးရွာအုပ်စု၊ မြို့၏အရှေ့ဘက်ရှိ လယ်ဦးစုကျေးရွာအုပ်စု၊ မြို့၏တောင်ဘက်ရှိ မကြီးပင်ကျေးရွာအုပ်စုနှင့် မြို့၏ မြောက်ဘက်ရှိ မြောက်ကုန်းကြီးကျေးရွာအုပ်စုများတွင် ဝဲကြီးဆည်ရေဖြင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး နှစ်စဉ်ပန်းတိုင်အထွက်နှုန်းကျော်လွန်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့ထံမှ သိရှိရသည်။ ထိုစိုက်ပျိုးမြေများတွင် တောင်သူများက ရတနာတိုးစပါးမျိုးကို ဆက်လက်စိုက်ပျိုးရာ ယခင်နှစ်အတိုင်း ယခုနှစ်တွင်လည်း ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း၊ ယခုနှစ် မြို့နယ်အတွင်း၌ နွေစပါး ဧကပေါင်း နှစ်သောင်းကျော် စိုက်ပျိုးထားရှိမှုတွင် ရတနာတိုးစပါးစိုက်ပျိုးမှု အများဆုံးဖြစ်ပြီး ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။

ယနေ့ နံနက် ၇ နာရီက ထို ၂ လသားခန့်ရှိ စပါးခင်းများတွင်ပေါင်းမြက်ကင်းစင်ရေးအတွက်  စိုက်ကွင်းကြီးကြပ်ရေးဝန်ထမ်းများ ကွင်းဆင်းကာ တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သူရကြီး(ပေါင်းတည်)