မော်လိုက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နွေရာသီအခြေခံပန်းချီသင်တန်းဆင်းပွဲကျင်းပ

မော်လိုက် မေ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကို အကျိုးရှိရှိအသုံးချတတ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ရာ နွေရာသီအခြေခံပန်းချီသင်တန်းဆင်းပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သင်တန်းဆင်းပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားရာတွင် “ဒီသင်တန်း (၁)လတာအတွင်းမှာ အခြေခံပန်းချီ ရေးဆွဲနည်းသဘောတရားတွေ၊ ပန်းချီရေးဆွဲရာမှာ စုတ်တံကိုအသုံးပြုပြီး ရေးဆေးပန်းချီရေးဆွဲ တာတွေနှင့် ပန်းချီနှင့်အခြားဗဟုသုတများစွာကို လက်ဆင့်ကမ်းသင်ကြားပေးခဲ့တာဖြစ်လို့ သားတို့၊ သမီးတို့အတွက်များစွာ အကျိုးရှိခဲ့ပြီးဖြစ်ကြောင်း ဒီအခြေခံပန်းချီသင်တန်းကရရှိခဲ့တဲ့ အတွေ့အကြုံ တွေကို ပန်းချီပြိုင်ပွဲတွေနဲ့ မိမိတို့ရဲ့ပညာသင်ကြားရေးတွေမှာ အကျိုးရှိစွာအသုံးချဖို့လိုကြောင်း” ပြောကြားသည်။ ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဝင်း ကပန်းချီသင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများ ကိုတာဝန်ရှိသူ များက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ထို့နောက် သင်တန်းသား/သင်တန်းသူများ၏ ပန်းချီလက်ရာများနှင့် ဆုရပုံတူပန်းချီလက်ရာများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)