နတ်မောက် မေ ၃
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သော လုပ်ငန်းသုံးပစ္စည်းများဝယ်ယူခြင်း ပစ္စည်းတင်ဒါဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် တင်ဒါကော်မတီဥက္ကဋ္ဌ မကွေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ အဖွဲ့ဝင်(၁)က အဖွင့်အမှာစကားပြောကြားပြီး တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီဥက္ကဋ္ဌ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိက အိတ်ဖွင့်တင်ဒါနှင့်ပတ်သက်၍ ရှင်းလင်းခြင်းနှင့် လုပ်ငန်းသုံးပစ္စည်းတင်ဒါများ၏ အရည်အသွေးသတ်မှတ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တင်ဒါတင်သွင်းသူများမှ မရှင်းလင်းသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပစ္စည်းတင်ဒါဖွင့်ပွဲ ကျင်းပခဲ့ရာ Lot တစ်ခုချင်းစီအလိုက် ဈေးနှုန်းအဆိုပြုလွှာများ ပြုလုပ်ခဲ့ရာ Lot အားလုံး တင်ဒါအောင်မြင်ခဲ့ကြကြောင်း သိရသည်။
လှဝင်း