ပေါက်ခေါင်း မေ ၃
၂၀၂၄ ခုနှစ်၊ မေလ (၅)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပေါက်ခေါင်းမြို့နယ် မီးသတ်ဦးစီးဌာနတပ်ဖွဲ့ဝင်များက ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပေါက်ခေါင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးသူအောင်ဦးဆောင်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များသည် မေလ ၁ ရက်နေ့က စမ်းကလေးကျေးရွာ ဆည်းဆာရိပ်ငြိမ်ဘိုးဘွားရိပ်သာရှိ စေတီတော်အား ရေသပ္ပါယ်ပြီး စေတီဝန်းကျင်ရှိ ချုံနွယ်အမှိုက်များအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် အဆိုပါဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအတွက် အားဖြည့်အချိုရည်များ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယမန်နေ့ နံနက်ပိုင်းကလည်း ပေါက်ခေါင်းမြို့ လူစည်ကားသည့်နေရာများတွင် မီးဘေးအန္တရာယ်သတိပြုကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို မြို့နယ်မီးသတ်တပ်ဖွဲ့များက ခရီးသွားလာပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)