မင်းတပ် နိုင်ဝင်ဘာ ၇
မင်းတပ်မြို့နယ်အတွင်း ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး အတွက် မဲရုံများကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် မင်းတပ်ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ယနေ့နံနက် ၈ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
မင်းတပ်မြို့ပေါ်(၄)ရပ်ကွက်ရှိ မဲရုံ(၁၄)ရုံနှင့် မင်းတပ်မြို့နယ် ပြေကျေးရွာရှိ မဲရုံများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီ ပြည်သူများစနစ်တကျ ဆန္ဒမဲပေးနိုင်ရေးအတွက် ပြင်ဆင်ထားရှိမှုများကို ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ အများယုံကြည် လေးစားခြင်းခံရသောပုဂ္ဂိုလ် ဦးဗျက်ကြုံး၊ ချင်းပြည်နယ်စာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဦး၊ ချင်းပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးခမ်လျန်ဆုမ်းနှင့် ခရိုင်အဆင့်/မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များက ကွင်းဆင်း စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။
မင်းတပ်မြို့နယ်အတွင်း မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူ (၃၀၇၀၆)ဦးရှိပြီး ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဲရုံပေါင်း(၁၁၆)ရုံ ဖွင့်လှစ်ကျင်းပမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ဆလိုင်းအောင်(ပြန်/ဆက်)