ဘားအံမြို့တွင် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးအတွက် စာသင်ဝိုင်း (၁၀၅)ဝိုင်းဖြင့် သင်ကြားပို့ချပေးလျက်ရှိ

ဘားအံ ဧပြီ ၃၀

ကရင်ပြည်နယ် ဘားအံမြို့တွင် ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များပူးပေါင်း၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေခဲ့ရသူများအတွက် အခြေခံ စာတတ်မြောက်ရေးစာသင်ဝိုင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကရင်ပြည်နယ် ဘားအံမြို့တွင် စာသင်ဝိုင်း(၁၀၅)ဝိုင်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။

ဘားအံမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၇)ခုနှင့်ကျေးရွာ(၉၈)တို့တွင် နည်းပြဆရာ/ဆရာမ (၁၀၅)ဦး၊ သင်တန်းကြီးကြပ်ဆရာ/ဆရာမ (၁၁)ဦး၊ စာသင်သား ဦးရေ ကျား (၁၄၈) ဦး၊ မ( ၇၉၈)ဦး စုစုပေါင်း (၉၄၆)တို့ဖြင့် ဧပြီလ (၆)ရက်နေ့မှ မေလ (၁၅)ရက်နေ့ထိ ရက်(၄၀)အတွင်း သက်ဆိုင်ရာ စာသင်ဝိုင်းများ၏ သတ်မှတ်စာသင်ချိန်များတွင် တစ်နေ့လျှင်စာသင်ချိန် (၃)နာနှုန်းဖြင့်စုစုပေါင်းနာရီ (၁၂၀)ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရှိရသည်။

အဆိုပါ စာသင်ဝိုင်းများကို စာသင်ကျောင်းများ၊ ရွာလယ်ဇရပ်၊ ဘုန်းတော်ကြီးကျောင်းများ၊ ဓမ္မာရုံများ၊ စာကြည့်တိုက်နှင့် အုပ်ချုပ်ရေးမှူးရုံးတို့တွင် ဖွင့်လှစ်သင်ကြားပေး လျက်ရှိပြီး တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးအတွက် စာသင်ဝိုင်းများဖွင့်လှစ် သင်ကြားပေးရာတွင် အသက် (၁၅)နှစ်နှင့်အထက်များအား အရေးအဖတ် ပညာသင်ကြားခြင်းနှင့် အတူ စာသင်သားများအတွက် လူမှုဘဝမြင့်မားစေရေး အသိပညာဖြန့်ဝေမှုအစီအစဉ်များဖြင့် သင်ကြားပေးလျက်ရှိကြောင်းနှင့် စာတတ်မြောက်ရေးလုပ်ငန်းများ အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)