ထန်းတပင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲကျင်းပ

ထန်းတပင်(ပဲခူး) မေ ၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်ကာလတွင် လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးဟောပြာပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ပင်လုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်သူအောင်မှ အဖွင့်အမှာစကားပြောကြားပြီး စာရေးဆရာ(ထန်းတပင်)စန်းလွင်မှ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်များအကြောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးအဆင့်(၁)သူနာပြုဆရာမကြီးဒေါ်အိအိဝင်းမှ ဆေးလိပ်ဆေးရွက်ကြီးသုံးစွဲခြင်းနှင့် အရက်သောက်ခြင်းကြောင့် ဖြစ်ပွားနိုင်သော နောက်ဆက်တွဲပြဿနာများအကြောင်း၊ သားဖွားဆရာမ ဒေါ်နော်ကဗျူဖောမှ အပူဒဏ်ကာကွယ်ရေးနှင့် ခရမ်းလွန်ရောင်ခြည်အန္တရာယ်အကြောင်းတို့ကို အသိပညာပေးပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်ဆရာဝန်ကြီးနှင့်ဝန်ထမ်းများ၊ ဒုတိယမြို့နယ်ပညာရေးမှူး ၊ ဆရာ ၊ ဆရာမများနှင့်  ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး  တက်ရောက်လာကြသူများကို ကျန်းမာရေးဆိုင်ရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)