ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ်အတွင်းရှိ အသေးစား ၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ဒေသထုတ်ကုန်ပြပွဲအခမ်းအနားသို့ တက်ရောက် ကြည့်ရှုအားပေး

ဟားခါး မေ ၁

ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပပြုလုပ်သော ချင်းပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ဒေသထုတ်ကုန်ပြပွဲအခမ်းအနားကို မေလ ၁ ရက် နံနက် ၁၀ နာရီက ဟားခါးတပ်နယ်အားကစားကွင်း၌ ကျင်းပသည်။

ဦးစွာ ဒေသထုတ်ကုန်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ဒေသထုတ်ကုန်ပြပွဲမုခ်ဦးရှေ့၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင်နှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းတို့ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က မိမိတို့ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ်ပြီး လယ်ယာ သားငါးနှင့် သစ်တောကဏ္ဍ ဆောင်ရွက်သူ ၄၁ ရာခိုင်နှုန်းခန့်ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းသည် သေချသည့် ကုန်ထုတ်လုပ်ငန်းဖြစ်ပြီး ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီး ၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ဆောင်ရွက်နေကြကြောင်း ၊ ချင်းပြည်နယ်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းလုပ်ကိုင်မည့် လုပ်ငန်းရှင်များအတွက် ငွေကြေးအရင်းအနှီးရရှိစေရန် အသေးစားစီးပွားရေးလုပ်ငန်းများကို ကျပ် ၁၀ သန်းအထိသော်လည်းကောင်း ၊ အငယ်စားစီးပွားရေးလုပ်ငန်းများကို ကျပ် ၅၀ သန်းအထိသော် လည်းကောင်း ၊ အလတ်စားစီးပွားရေးလုပ်ငန်းများကို ကျပ် သန်း ၁၀၀ အထိသော်လည်းကောင်း အတိုးနှုန်း တစ်နှစ်လျှင် ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ သတ်မှတ်ပြီး ချေးငွေကာလ တစ်နှစ်ခွဲမှ သုံးနှစ်အထိ ချေးယူနိုင်မည်ဖြစ်ကြောင်း ၊ ယနေ့ပြပွဲဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်း ဆောင်ရွက်ပေးကြသော တာဝန်ရှိသူအားလုံး အသိအမှတ်ပြုပါကြောင်းနှင့် ပြည်နယ် MSME အေဂျင်စီအနေဖြင့်လည်း လုပ်ငန်းရှင်များ၏ ငွေကြေးလိုအပ်ချက်၊ နည်ပညာလိုအပ်ချက်များကို စဉ်ဆက်မပြတ် ပေါင်းစပ်ညှိနှိုင်းပေးပြီး MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် အားသွန်ခွန်စိုက် ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး တိုင်းရင်းသားရိုးရာအကအဖွဲ့၏ ကပြဖျော်ဖြေမှုများကိုလည်းကောင်း ၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ ပြည်နယ်သယံဇာတရေး ရာဝန်ကြီးဌာန၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးဌာန ၊ ပြည်နယ်မွေးမြူးရေးနှင့် ကုသရေးဦးစီးဌာနနှင့် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနတို့၏ ပြခန်းများကို ကြည့်ရှုအားပေးပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သိရှိလိုသည်များကို မေးမြန်ကြရာ ဝန်ကြီးဌာနနှင့် ဦးစီးဌာန ပြခန်း တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

( မောင်တက်လမ်း )