မြိတ်မြို့တွင် သဘာဝကုန်ကြမ်း မီးဖိုချောင်သုံး သီးနှံဘေးထွက်ပစ္စည်းများကို အခြေခံ၍ စိုက်ပျိုးသီးနှံများကို အကျိုးဖြစ်ထွန်းစေသည့် ဇီဝသဘာဝ ဘက်စုံသုံးရွက်ဖျန်းအားတိုးဆေးရည် ထုတ်လုပ်လျက်ရှိ

မြိတ် မေ   ၂

 သဘာဝကုန်ကြမ်း မီးဖိုချောင်သုံး သီးနှံဘေးထွက်ပစ္စည်းများကို အခြေခံ၍ တောင်သူများ၏ စိုက်ပျိုးသီးနှံများ အပင်ကြီးထွားမှုကို အကျိုးဖြစ်ထွန်းစေသည့် ဘက်စုံသုံးရွက်ဖျန်း အားတိုးဆေးရည်ကို သဘာဝကုန် ကြမ်းများနှင့် ငါးအမိုင်နိုအက်ဆစ် နည်းပညာနှင့်ပေါင်းစပ်ပြီး တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကလွင်ကျေးရွာ တွင် All in One Plus အမှတ် တံဆိပ်ဖြင့် ဇီဝသဘာဝ ဓာတ်မြေဩဇာ အားဖြည့်အရည် ထုတ်လုပ်လျက်ရှိသည်။

သီးနှံစိုက်ခင်းများအတွင်း အပင်ကြီးထွားမှုကို အကျိုးဖြစ်ထွန်းစေရန်၊ အကျိုးပြုဂေဟစနစ်ပျက်စီးခြင်း မရှိစေဘဲ သီးနှံဖျက်ပိုးများ၏ ကျရောက်ဖျက်ဆီးခြင်းမှ ကာကွယ်ရန်၊ ဒေသထွက်ကုန်ကြမ်းများနှင့် သဘာဝမှရရှိသော မီးဖိုချောင်သုံး သီးနှံဘေးထွက်ပစ္စည်းများဖြင့် တောင်သူများအတွက် တစ်ထောင့်တစ်နေရာက အထောက် အကူဖြစ်စေရန် ဘက်စုံသုံးရွက်ဖျန်းအားတိုးဆေးရည်ကို ထုတ်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

“ဘက်စုံသုံးရွက်ဖျန်းအားတိုးဆေးရည်ကို ငါးအမိုင်နိုအက်ဆစ်နဲ့ ပိုးမွှားတွေ သီးနှံပင်ကျရောက်ခြင်း မရှိအောင် ပိုးမွှားတွေမကြိုက်တဲ့ အနံ့အရသာဖြစ်စေတဲ့ သဘာဝဖြစ်တဲ့ သစ်သီးသစ်မြစ်တွေနှင့် မီးဖိုချောင် စွန့်ပစ်ဘေးထွက်ပစ္စည်းတွေနဲ့ပေါင်းစပ်ပြီး အပင်ရဲ့အာဟာရလည်းဖြစ်မယ်။ ပိုးမွှားလည်းကာကွယ်မယ် ရည်ရွယ်ချက်နဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်” ဟု ဘက်စုံသုံးရွက်ဖျန်းအားတိုးဆေးရည် ထုတ်လုပ်သူ NG Sun Agriculture Business Bio Fertilizer Company Limited ၏ Founder & Director ဦးနေလင်းအောင် က ပြောသည်။

ဇီဝသဘာဝမြေဩဇာအရည်ကို ဒေသတွင်းငါးခြောက်လုပ်ငန်းများမှ ဘေးထွက်ပစ္စည်းဖြစ်သည့် ငါး၏ အပိုင်းအစများကို အခြေခံ၍ ငါးအမိုင်နို အက်ဆစ်ထုတ်လုပ်ကာ မီးဖိုချောင်သုံး သီးနှံ ဘေးထွက် ပစ္စည်းများနှင့် သဘာဝသစ်မြစ်သစ်ဖုများကို ပေါင်းစပ်ပြီး အချဉ်ဖောက်ရည်ထုတ်လုပ်၍ ငါးအမိုင်နို နှင့် အချဉ်ဖျော်ရည် ရောစပ် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

“ထုတ်လုပ်မှုအပိုင်းကို မြိတ်ဒေသမှာရှိတဲ့ ငါးနှင့်ပတ်သက်တဲ့ ထုတ်ကုန်ထုတ်လုပ်တဲ့လုပ်ငန်းတွေက ဘေးထွက် ငါးခေါင်းတွေ အူတွေ ကလီစာတွေကိုယူပြီးတော့ အမိုင်နိုအက်ဆစ် လုပ်ပါတယ်။ ငါးခေါင်းတွေ အူတွေ ကလီစာတွေနဲ့ ဒေသထွက်ဖြစ်တဲ့ ဓနိပင်ကရရှိတဲ့ ဓနိပျားနှင့် EM (Effective Micro-Organisms) ရယ် သဘာဝအချဉ်ဖောက်အရည်ကို ပေါင်းစပ်ပြီး ငါးအမိုင်နိုအက်ဆစ် ပြုလုပ်ပါတယ်။ သစ်သီးစုံအချဉ်ဖောက် အရည်ကို မီးဖိုချောင်သုံး သီးနှံတွေဖြစ်တဲ့ ငရုတ်သီး၊ ကြက်သွန်တွေရဲ့ စွန့်ပစ်အခွံတွေရယ် ငရုတ်သီးအပြုတ်အရည်ရယ် အပင်တွေအတွက် အာဟာရဖြစ်စေမယ့် အောက်ဇင်းဓာတ်ကိုရစေမယ့် ငှက်ပျောဟိုမုန်းရယ် တမာရယ် ဆေးရွက်ကြီးရယ် စတာတွေပေါင်းပြီး ပိုးမွှားနှင်ဆေး ပြုလုပ်ပါတယ်။ အဲဒီမှာထည့်တဲ့ရေကိုကျတော့ ငရုတ်သီး အပြုတ်ရည်အပါအဝင် ဆန်မှုန့်အရည်ရယ် သီးနှံစွန့်ပစ်အခွံတွေနဲ့ သစ်သီးစုံချဉ်ဖောက်အရည်ပြုလုပ်ပါတယ်။

သစ်သီးစုံချဉ်ဖောက်အရည်က သီးနှံပင်ကျရောက်တဲ့ ပိုးမွှားတွေ မကြိုက်တဲ့အနံ့ရတဲ့အတွက် ပိုးမွှားတွေ မကျရောက်ပါ။ အပင်တွေကို အကျိုးပြုတဲ့ ဖားကလေး ငါးကလေး ပင့်ကူစတဲ့ မိတ်ဆွေပိုးတွေကိုလည်း မသေဘဲနှင့် အဖျက်ပိုးတွေကို မကျရောက်စေတဲ့ ပိုးမွှားနှင် အာနိသင်ကိုရစေပါတယ်။ ပိုးမွှားနှင်အာနိသင်ကိုရစေတဲ့ သီးနှံစုံအချဉ်ဖောက်အရည်(၉)ဆရယ်၊ ငါးအမိုင်နို(၁)ဆကို ရောစပ်လိုက်တဲ့အခါ ဘက်စုံသုံးရွက်ဖျန်းအားတိုး ဆေးရည်ကိုရရှိစေပြီး ဇီဝသဘာဝဓာတ် မြေဩဇာအားဖြည့်အရည်အဖြစ် ထုတ်လုပ်ထားတာဖြစ်ပါတယ်” ဟု ထုတ်လုပ်မှုအဆင့်ဆင့်ကို ထုတ်လုပ်သူက ဆက်လက်ပြောကြားသည်။

ဇီဝသဘာဝမြေဩဇာအရည် ထုတ်လုပ်ရာတွင် မြေဩဇာသုံးစွဲမှုလျှော့ချနိုင်သည့်အပြင် စီးပွားဖြစ်တွက်ခြေကိုက်ပြီး တောင်သူများကို မြေဩဇာနည်ပညာနဲ့ ဇီဝသဘာဝမြေဩဇာအရည် ဖြန့်ဝေချင်သည့်အတွက် စမ်းသပ်ထုတ် လုပ်သုံးစွဲခဲ့ခြင်းဖြစ်ပြီး စိုက်ပျိုးသီးနှံ စိုက်ခင်းတွေတွင် စမ်းသပ်ဆောင်ရွက်ခဲ့ရာ စိုက်ပျိုးပင်၏ အပင်အာဟာရကောင်းသည့်အပြင် ပိုးမွှားမကျရောက်ခြင်း သီးနှံအထွက်နှုန်းကောင်းမွန်ခြင်းကြောင့် အောင်မြင်စွာ ထုတ်လုပ်‌ခြင်းဖြစ်ကြောင်း ထုတ်လုပ်သူက ယခုလို ထပ်မံပြောကြားသည်။

“မြေဩဇာထုတ်လုပ်သုံးစွဲတဲ့နေရာမှာ ထုတ်လုပ်ဖို့ကြိုးစားတဲ့နေရာမှာ နိုင်ငံတော်မှ အသိအမှတ်ပြုထားတဲ့ မြေဩဇာနည်းပညာကော်မတီမှာလည်း တရားဝင် မြေဩဇာစမ်းသပ်စိုက်ခင်းတွေနဲ့ အများကြီး ဆောင်ရွက်ခဲ့ပါတယ်။ ကိုယ်တိုင်လည်း မြေဩဇာစမ်းစပ်စိုက်ခင်းတွေ ဆောင်ရွက်ခဲ့ပါတယ်။ စမ်းသပ်တဲ့နေရာမှာ တောင်သူတွေရဲ့ လက်တွေစိုက်တဲ့ အတွေ့အကြုံအရ စပါး၊ ပဲတီစိမ်း စိုက်ခင်းတွေမှာ အပင်အာဟာရအထွက်နှုန်း ကောင်းတဲ့အပြင် ပိုးမွှားမကျရောက်တဲ့ ထူးခြားမှုတွေကိုလည်း တွေ့ရတဲ့အခါကျတော့ ကျွန်တော့ ရည်ရွယ်ချက် ကလည်း သုံးစွဲသူတောင်သူများ ကျန်းမာရေးနှင့်ညီညွှတ်ပြီး ဘေးမဖြစ်ပဲ မြေဩဇာနှင့် ပိုးမွှားနှင်ဆေးကို ပေါင်းစပ်သုံးစေချင်တယ်။ သီးနှံတွေ စားသုံးတဲ့ စားသုံးသူတွေအနေနဲ့လည်း ဓာတ်ကြွင်းအာနိသင်နည်းပါးတဲ့ သီးနှံတွေကို စားသုံးစေချင်တဲ့အတွက် အောင်မြင်စွာ ထုတ်လုပ်ဖြစ်ခဲ့ပါတယ်။

တနင်္သာရီတိုင်းဒေသကြီးရဲ့ အဓိက ထွက်ကုန်ပစ္စည်းဖြစ်တဲ့ ရေထွက်ပစ္စည်းဖြစ်တဲ့ ငါးသာမက အခြား ဒေသဖြစ်သော ငါးများကိုလည်း ယခုကဲ့သို့ ဇီဝသဘာဝမြေဩဇာ လုပ်နိုင်ပါတယ်။ အညာဒေသမှ ထွက်ရှိသော ပဲဖတ်၊ နှမ်းဖတ်များမှလည်း ငါးအစားထိုး ဆောင်ရွက်နိုင်ပါတယ်။ အရည်အသွေး အာနိသင်က အတူတူပဲ ဖြစ်ပါတယ်။ တောင်သူဦးကြီးများ အနေဖြင့် ကုန်ကျစရိတ်နည်းပြီး မြေဆီမြေနှစ်များ ပျက်စီးမှု မရှိစေတာဖြစ်လို့ ကိုယ်တိုင်လည်း ထုတ်လုပ်သုံးစွဲနိုင်သလို နည်းပညာရယူလိုပါက အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်” ဟု ထပ်မံ ပြောကြားသည်။

ဇီဝသဘာဝမြေဩဇာအရည် ထုတ်လုပ်သူသည် ရန်ကုန်တိုင်း မှော်ဘီမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းမှ နည်းပညာသင်ယူ၍ မြိတ်ဒေသတွင် ကိုယ်ပိုင်ရာဘာခြံနှင့် ကိုယ်ပိုင်လယ်ယာမြေများတွင် စမ်းသပ်ထုတ်လုပ် ခြင်းဖြင့် စမ်းသပ်သုံးစွဲခြင်းများ စတင်ခဲ့ပြီး မြေဩဇာကော်မတီ၏ ခွင့်ပြချက်ရယူ၍ နေရာအများအပြားတွင် စပါး၊ ဖရဲ၊ မုန်ညှင်းနှင့် သရက်စိုက်ခင်းများ၊ ပဲတီစိမ်းစိုက်ခင်းများ စမ်းသပ်စိုက်ကွက်များကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ကာ ဘက်စုံသုံးရွက်ဖြန်းအားတိုးဆေးရည် သုံးစွဲခြင်းဖြင့် စိုက်ပျိုးသီးနှံများ အပင်ကြီးထွားနှုန်း ကောင်းမွန်မှု၊ ပိုးမွှားကျရောက်မှုနှင့် ရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တာနဲ့ပတ်သက်ပြီး စပါးစိုက်တောင်သူတစ်ဦးက ဆေးရည် စမ်းသပ်သုံးစွဲမှုအခြေအနေကို ယခုလို ပြောကြားခဲ့သည်။

“ဇီဝသဘာဝ ဓာတ်မြေဩဇာအားဖြည့်အရည်သည် ပိုးသတ်ဆေးကိုမသုံးရတဲ့အတွက် ကျန်းမာရေး အနေထားအရရော ရေရှည်အတွက် သုံးစွဲတဲ့မြေဆီလွှာ ပြုပြင်တဲ့အနေအထားမှာရော တော်တော်လေးအဆင်ပြေတာ တွေ့ရပါတယ်။ မြေပြင်မှာမထည့်ရတဲ့အတွက် အပင်ကနေ တိုက်ရိုက်စုပ်ယူတဲ့အတွက်ကြောင့် အပင်ရဲ့ စားသုံးမှုကိုလည်း ပိုပြီးမြန်ဆန်စေတယ်။ တစ်ပတ်အတွင်း (၁၀)ရက်အတွင်းမှာ တွေ့ရတဲ့အတွက် စပါးအထွက်နှုန်းတိုးဖို့အတွက်ရော ကျန်းမာရေးအတွက်ပါ အစစအရာရာ အဆင်ပြေတဲ့ ဆေးရည်တစ်မျိုးလည်းဖြစ်ပါတယ်” ဟု မြိတ်မြို့နယ်မှ စပါးစိုက်တောင်သူ ဦးမောင်ငယ်က ပြောသည်။

ဘက်စုံသုံးရွက်ဖျန်းအားတိုးဆေးရည်ကို သဘာဝပစ္စည်းများကို အခြေခံထုတ်လုပ်ထားခြင်းဖြစ်သည့် အတွက် ဆေးရည်၏ဘေးထွက်ဆိုးကျိုးအနေဖြင့် မြေပျက်စီးခြင်း၊ သုံးစွဲသူတောင်သူများ၏ ကျန်းမာရေးထိခိုက်ခြင်း မရှိနိုင်သည့်အပြင် ဆေးရည်တွင်ပါဝင်သည့် အကျိုးပြုအဏုဇီဝများ အများကြီးပါဝင်သည့်အတွက် မြေ၏ ဂုဏ်သတ္တိကို ကောင်းမွန်စေကြောင်း၊ စိုက်ပျိုးသီးနှံများ၏ ပိုးမွှားရန်မှ ကာကွယ်ပေးသည့်အပြင် အပင်ကြီးထွားမှုကို အားပေးကြောင်း သိရသည်။

“မတ်ပဲကို စိုက်တဲ့အခါ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ အပင်အားကောင်းဆေး၊ အသီးအားကောင်းဆေး တွေကို အထွက်နှုန်းကောင်းဖို့ ယခင်က ဝယ်ယူသုံးခဲ့ရပါတယ်။ ဒီဘက်စုံသုံး ရွက်ဖျန်းအားတိုးဆေးရည်ကို စနစ်တကျသုံးတဲ့အခါ အပင်ဖျက်ပိုးတွေမကြိုက်တဲ့ အနံနဲ့အရသာကိုဖြစ်စေတဲ့အတွက် ဖျက်ပိုးမလာ ပိုးမကျ ဖျန်းဆေးတစ်ဘူးနဲ့ အကျိုးအာနိသင်အားလုံးပါဝင်နေတာကြောင့် ပိုးမွှားအန္တရာယ် မှိုအန္တရာယ်ကို ကာကွယ်ပေးရုံ မကဘဲ ရာသီဥတုဒဏ်ခံနိုင်ပြီး အပင်များကြီးထွားလျင်မြန်၍ ပိုးမွှားရန်မှ ကာကွယ်ပေးတာဖြစ်တဲ့အတွက် တောင်သူများ သုံးစွဲသင့်တဲ့ ဆေးဖြစ်ပါတယ်” ဟု မြန်အောင်မြို့နယ်မှ ပဲစိုက်တောင်သူ ဦးကျော်ဝင်း က ပြောသည်။

တန်ဖိုးမြှင့် MSME ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက် ဒေသတစ်ခုထုတ်ကုန်တစ်ခု အစီအစဉ်ဖြင့် ယခုအချိန်တွင် နိုင်ငံတော်မှအားပေးကူညီလျက်ရှိရာ တောင်သူများအတွက် ဘက်စုံသုံးရွက်ဖျန်းအားတိုးဆေးရည်ကို ဒေသထွက်ကုန်ကြမ်းကို အခြေခံထုတ်လုပ်လျက်ရှိသည့် All in One Plus အမှတ် တံဆိပ်ဖြင့် ဇီဝသဘာဝ ဓာတ်မြေဩဇာအားဖြည့်အရည် ထုတ်လုပ်သည့်လုပ်ငန်းကို တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်နိုင်ဖို့ နိုင်ငံတော်မှ အားပေးကူညီလျက်ရှိသည်။

“MSME တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်နိုင်ဖို့အတွက် သွင်းအားစု ယူနစ်တွေ ထုတ်လုပ်မှုအပိုင်းတွေ ကုန်ထုတ်လုပ်မှုမှ ဈေးကွက်သို့ ချိတ်ဆက်ဆောင်ရွက်မှုအပိုင်းတွေမှာ ဟန်ချက်ညီညီနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။ MSME တွေရဲ့ ရေရှည်ရှင်သန်ပြီးတော့ အောင်မြင်ဖြစ်ထွန်းဖို့အတွက် လိုအပ်တဲ့ ရင်းနှီးမြုပ်နှံမှုအခန်းကဏ္ဍတွေကို နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ All in One Plus ဇီဝသဘာဝ ဓာတ်မြေဩ ဇာအားဖြည့်အရည် ထုတ်လုပ်သည့်လုပ်ငန်းအား ကျပ်သိန်း(၃၅၀)ကို ရင်းနှီးမြုပ်နှံမှုအဖြင့်ထုတ်ချေးပြီးတော့ လုပ်ငန်းမြှင့်တင်ရေးအတွက် အကောင်အထည့်ဖော်လျက်ရှိပါတယ်” ဟု စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဖြိုးဇာနည်ဝင်းက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့တွင် ဒေသထွက် ကုန်ကြမ်းများဖြင့် ထုတ်လုပ်ထားသော ဘက်စုံသုံးရွက်ဖျန်းအားတိုးဆေးရည်ကို တောင်သူများအနေဖြင့် စိုက်ပျိုးသီးနှံ စိုက်ခင်းများတွင် သုံးစွဲခြင်းဖြင့် ပြည်ပမှတင်သွင်းသော မြေဩဇာများမှာယူသုံးစွဲမှုမှ သွင်းကုန်အစားထိုးနိုင်ခြင်း၊ ပြည်တွင်းထုတ်လုပ်မှု ကဏ္ဍ များတိုးတက်မှုနှင့် နိုင်ငံတော်အတွက် အခွန်ဝင်ငွေရရှိနိုင်ခြင်း၊ မြိတ်ဒေသ၏ တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်နိုင်ခြင်းစသော အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ကြောင်း၊ ဒေသထွက်ကုန်ကြမ်းများဖြင့် ထုတ်လုပ်လျက်ရှိသည့် ဘက်စုံသုံးရွက်ဖျန်းအားတိုးဆေးရည်ကို စိုက်ပျိုးသီးနှံစိုက်ခင်းများတွင် ထုတ်လုပ်သူမှ တောင်သူများသုံးစွဲနိုင်စေ ရန် မြစိမ်းရောင်အစီအစဉ်ဖြင့် အရစ်ကျစနစ်နဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး မြိတ်ဒေသထုတ်ကုန်တစ်ခုအနေဖြင့် ပြည်တွင်းဈေးကွက်များသို့ ဖြန့်ချီရောင်း ချပေးသွားမှာဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)