အုတ်ဖိုမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးလေ့လာခြင်း ဆောင်ရွက်

အုတ်ဖို မေ ၂

ပဲခူးတိုင်းဒေသကြီးနယ်မြေ၊ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine  MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းများပြုလုပ်နိုင်ရန်အတွက် ယနေ့နံနက် ၉ နာရီချိန်က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက အဖွင့်အမှာစကားပြောကြားပြီး သာယာဝတီခရိုင်ရွေးကောက်ပွဲအရာရှိဒေါ်အေးအေးမော်က MEVM စက်ဖြင့် စမ်းသပ်မဲပေးမှုအဆင့်ဆင့်ကို (Power Point)ဖြင့် ရှင်းလင်းပြသဆောင်ရွက်ခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပညာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်ပြည်သူများ စုစုပေါင်း(၁၀၀)ဦးခန့်က စိတ်ဝင်စားစွာဖြင့် လက်တွေ့စမ်းသပ်မဲပေးခဲ့ကြသည်။

စမ်းသပ်မဲပေးသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ သိလိုသည့်အချက်များ၊ အကြံပြုချက်များ၊ နောင်ကျင်းပမည့်ရွေးကောက်ပွဲများတွင် ပိုမိုကောင်းမွန်စေမည့် အကြံပြုချက်များကိုလည်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)