သဲကုန်း မေ ၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား၊ ကျောင်းသူများ အကျိုးရှိစေရန် ရည်ရွယ်၍ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းနှင့် အခြေခံအင်္ဂလိပ်စာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သဲကုန်း)သာဓု ခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယဥ်ထွေးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံချုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယဥ်ထွေးက အဖွင့်အမှာစကား ပြောကြားပြီး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးသိန်းထွဋ်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ ပြောကြားရာတွင် နွေရာသီအားလပ်ရက်များတွင်အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ယဥ်ကျေးလိမ္မာသော မျိုးဆက်သစ် လူငယ်များ ပေါ်ထွန်းလာစေရန်၊ အခြေခံအင်္ဂလိပ်စာ စနစ်တကျ တတ်မြောက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သင်တန်းပို့ချနေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယဥ်ထွေး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးသိန်းထွဋ်၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်လှလှရွှေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များမှ ကြည့်ရှုအားပေးကြပြီး သင်တန်းသား၊ သင်တန်းသူများအား မုန့်များဝေငှပေးခဲ့ကြသည်။
အဆိုပါ နွေရာသီယဥ်ကျေးလိမ္မာသင်တန်းနှင့် အခြေခံအင်္ဂလိပ်စာသင်တန်းကို မေလ (၂) ရက်နေ့မှ မေလ (၂၂) ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းနည်းပြ(၈)ဦးဖြင့် ကျောင်းသား၊ ကျောင်းသူ (၁၀၀) ဦးအား သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
ကိုကျော်(ပြန်/ ဆက်)