မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် မီးသတ်တပ်ဖွဲ့ဝင်မိသားစုများ ပြည်သူအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နေမှုကို ကြည့်ရှုအားပေး၊ အပူရှောင်စခန်းမှ သက်ကြီးဘိုးဘွားများအား တွေ့ဆုံအားပေး

မကွေး မေ ၂

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ယနေ့နံနက်ပိုင်းက မေလ (၅) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် မကွေးမြို့တွင် မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးမျိုးလှိုင် ဦးဆောင်မှုဖြင့် တပ်ဖွဲ့ဝင်မိသားစုများ စုပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများဖြစ်သည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် တိုင်းပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်တွင်(၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ဂုဏ်ပြုသွေးလှူဒါန်းခြင်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုအနေဖြင့် မကွေးမြို့ လေးထပ်ကျောင်းတိုက်အတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုအနေဖြင့် အမှိုက်များလှည်းခြင်း၊ ရင်‌ပြင်တော်အား ရေဖြင့် ဆေးကြောသန့်ရှင်းခြင်း၊ ဘုရားအား ရေသပ္ပါယ်ခြင်းစသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို တပ်ဖွဲ့ဝင် အင်အား (၂၀၀)ခန့်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သွားရောက်၍ ကြည့်ရှုအားပေးကာ၊ စားသောက်ဖွယ်ရာ မုန့်၊ အချိုရည်များနှင့် သောက်ရေသန့် ဘူးများ ဖြန့်ဝေပေးခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ရည်မှန်းချက်တာဝန်ကြီး (၄) ရပ်ဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးစသည်တို့ လုပ်ဆောင်လျက်ရှိရာ(၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ မေလ ၂ ရက် ယနေ့ နံနက်ပိုင်းက ပြည်သူ့အကျိုးပြုလုပ်ငန်းတစ်ရပ်ဖြစ်သည့် မကွေးတိုင်းပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်တွင် (၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် ဂုဏ်ပြုသွေးလှူဒါန်းပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းနေမှုကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ သွားရောက်၍ သွေးလှူရှင်တပ်ဖွဲ့ဝင်များ  သွေးလှူဒါန်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးကာ သွေးလှူရှင်တပ်ဖွဲ့ဝင်များအား အားဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ မကွေးတက္ကသိုလ် ယင်းမာဆောင်တွင် သက်ကြီးဘိုးဘွားများ အပူဒါဏ် လျှော့ပါးသက်သာစွာ ခံစားနိုင်ဖို့အတွက် ဖွင့်လှစ်ထားသည့် အများပြည်သူအပူရှောင်စခန်းသို့ သွားရောက်ကာ၊ အပူရှောင်စခန်းသို့ လာရောက်သည့် သက်ကြီးဘိုးဘွားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ကြီးဘိုးဘွားများ အပူရှောင်စခန်းကို လာရောက်နိုင်ဖို့အတွက် နံနက် ၈ နာရီနှင့် ညနေ ၆ နာရီများမှာ ဘိုးဘွားများ နေထိုင်ရာရပ်ကွက်များမှ ခေါ်ယူပို့ဆောင်ပေးသွားမှာဖြစ်ပြီး၊ အပူရှောင်စခန်းသို့ လာရောက်သည့် အဘိုးအဘွားများအား ထမင်း၊ ရေနွေး၊ ထန်းလျက်၊ ဂျင်းသုပ်များ ကျွေးမွေးနိုင်ဖို့နဲ့ အပူရှောင်စခန်းမှာ ကျန်းမာရေးစစ်ဆေးကုသနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးထားကြောင်းနှင့် အားပေးစကားများပြောကြားသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အပူရှောင်စခန်းများကို ဖွင့်လှစ်၍ သက်ကြီးဘိုးဘွားများအား လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး၊ လက်ရှိ မကွေးတက္ကသိုလ် ယင်းမာဆောင်အများပြည်သူအပူရှောင်စခန်းတွင် လူဦးရေ(၂၀၀)ခန့် လက်ခံနိုင်အောင် စီစဉ်ထားရှိကာ၊ သက်ကြီးဘိုးဘွားများ ထပ်မံ၍ ပိုမိုလက်ခံဆောင်ရွက်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်ညီညာ