ကော့သောင်း မေ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အလုပ်သမားနေ့အထိမ်းအမှတ်အဖြစ် ကော့သောင်းမြို့နေ လုပ်သားပြည်သူများအတွက် ပျော်ပွဲရွင်ပွဲတစ်ခုအနေဖြင့်လည်းကောင်း၊ အလွန်ပူပြင်းခြောက်သွေ့သောအချိန်အခါတွင် မိုးများရွာသွန်းစေရန်အလို့ငှာ ကော့သောင်းမြို့ရပ်ကွက်ပေါင်းစုံ လွန်ဆွဲပွဲ (မိုးခေါ်ဆုတောင်းပွဲ)ကို မေလ(၁)ရက်နေ့ညနေပိုင်းက ကော့သောင်းမြို့၊ လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရပ်ကွက်ပေါင်းစုံအမျိုးသားလွန်ဆွဲပြိုင်ပွဲတွင် ကော့သောင်းမြို့ပေါ်(၁၀)ရပ်ကွက်မှ လုပ်သားပြည်သူများက ပတ်လည်ယှဉ်ပြိုင်ခဲ့ကြရာ ရပ်ကွက်အသီးသီးက အားကစားဝါသနာရှင်များ တခဲနက်လာရောက်အားပေးခဲ့ကြပြီး တတိယလုပွဲတွင် ပိတောက်ရွှေဝါရပ်ကွက်နှင့် ဘုရင့်နောင်ရပ်ကွက်တို့ ယှဉ်ပြိုင်ကြရာ ပိတောက်ရွှေဝါရပ်ကွက်က အနိုင်ရရှိ၍ တတိယဆုရရှိခဲ့သည်။ ဗိုလ်လုပွဲတွင် သီရိမြိုင်ရပ်ကွက်နှင့် အဏ္ဏဝါရပ်ကွက်တို့ ယှဉ်ပြိုင်လွန်ဆွဲခဲ့ကြရာ သီရိမြိုင်ရပ်ကွက်မှ အနိုင်ရရှိ၍ ပထမဆုကို သီရိမြိုင်ရပ်ကွက်၊ ဒုတိယဆုကို အဏ္ဏဝါရပ်ကွက်မှ ရရှိခဲ့ကြသည်။ ယင်းနောက် တာဝန်ရှိသူများက တတိယဆုကိုဆုငွေ(၂)သိန်း၊ ဒုတိယဆုကို ဆုငွေ(၃)သိန်း၊ ပထမဆုကို ဆုငွေ (၄)သိန်းဖြင့် အသီးသီးချီးမြှင့်၍ စေတနာရှင်မိသားစုများကလည်း ဆုငွေများ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ရူပါမြင့်(ပြန်/ဆက်)