မြဝတီမြို့၌ မီးပလပ်ခုံရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွား

မြဝတီ  မေ ၂

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့အမှတ် ၄ ရပ်ကွက် သစ္စာလမ်းနှင့် သုခမိန်လမ်းထောင့် တွင် ယမန်နေ့ညနေ  ၃ နာရီ ၅ မိနစ်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မြဝတီခရိုင် မီးသတ်စခန်းမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးဖြိုးမင်းဇော်ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် ၁၁ ဦးတို့သည် မီးငြှိမ်းသတ်ယာဥ်နှစ်စီး၊ မီးသတ်ရေသယ်ယာဥ်နှစ်စီးဖြင့် လည်းကောင်း၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့စခန်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦးတို့က ရေသယ်ယာဥ်တစ်စီး၊ စည်ပင်ရေသယ်ယာဥ်တစ်စီးနှင့် ရပ်ကွက်ရေသယ်ယာဥ်သုံးစီးတို့ဖြင့် လည်းကောင်း ထွက်ခွာ မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၂၅ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ညနေ ၄ နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဥ်တွင် ပိုင်ရှင်ဖြစ်သူ မြဝတီမြို့၊ အမှတ် ၄ ရပ်ကွက်၊ သုခမိန်လမ်းနေ ဦးနေဝင်းအောင်ပိုင်ဆိုင်သော ဒေါ်မိငယ်ကုန်ခြောက်ပစ္စည်းဂိုဒေါင်၌ တပ်ဆင်ထားသော (10.2KW) ဆိုလာမီး သုံးစွဲရာဂိုဒေါင်အတွင်းရှိ မီးပလပ်ခုံရှော့ဖြစ်ရာမှ ပလပ်ခုံအောက်ရှိ စက္ကူချပ်ဖာနှင့် ဖော့ဖာများပေါ်သို့ မီးပွားကျရောက်မှုကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်ကျွမ်းမှုကြောင့် အုတ်ကာ၊ သွပ်မိုးဂိုဒေါင်တစ်လုံး၊ သွပ်မိုးပျဥ်ကာ ဆိုင်ခန်း နှစ်ခန်း၊ သွပ်မိုး၊ အုတ်ကာဆိုင်ခန်းတစ်ခန်း၊ RC သုံးထပ်နေအိမ်နှစ်လုံး (အနည်းငယ်မီးဟပ်) ခဲ့ပြီးဂိုဒေါင်အတွင်းရှိ စားသုံးကုန်ပစ္စည်းများ၊ ဆိုင်ခန်းနှစ်ခန်းအတွင်းရှိ အထည်အလိပ်များ မီးလောင်ပျက်စီးခဲ့ပြီးလူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်း ဖြစ်စဥ်နှင့်ပတ်သက်၍ ဂိုဒေါင်ပိုင်ရှင် ဦးနေဝင်းအောင်အား မြဝတီမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)