ပခုက္ကူမြို့၌ အပူရှောင်စခန်းစတင်တည်ဆောက်မှုလုပ်ငန်း (၅၀) ရာခိုင်နှုန်းကျော်ပြီးစီး

ပခုက္ကူ မေ ၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများအား အပူဒဏ်အန္တရာယ်မှ ကာကွယ်ပေးနိုင်ရေးအတွက် အမှတ် (၁၄) ရပ်ကွက်၊ စနစ်သစ်ပုထိုးတိုက်ဘုန်းတော်ကြီးကျောင်းဝန်း၌  ယမန်နေ့ နံနက်ပိုင်းမှစတင်ပြီး  အပူရှောင်စခန်း တည်ဆောက်လျက်ရှိရာ ယခုအခါ (၅၀) ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ အပူ‌ရှောင်စခန်းတည်ဆောက်နေမှုကို ပခုက္ကူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုး၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးသက်ထွန်းနိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးကြပြီး ကျောင်းထိုင်ဆရာတော်နှင့် တည်ဆောက်ရေးလုပ်ငန်းတာဝန်ခံများနှင့်တွေ့ဆုံကာ လုပ်ငန်းရာနှုန်းပြည့်အမြန်ပြီးစီးဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြသည်။

အပူရှောင်စခန်းကို ယခုလဆန်းပိုင်းအတွင်း ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့ပေါ်ရပ်ကွက်နှင့် မြို့နယ်အတွင်းက အပူရှောင်နေထိုင်မည့် ပြည်သူများအတွက် အရိပ်အာဝါသ ကောင်းမွန်စွာရရှိနိုင်ရေး၊ ဧည့်ခံကျွေးမွေးနိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိနိုင်ရေး၊ စိတ်အေးချမ်းသာစွာ စာပေဖတ်ရှုလေ့လာနိုင်ရေးလုပ်ငန်းတို့ကို ကော်မတီများအလိုက် စီစဉ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)