ကော့ကရိတ်မြို့ ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ကော့ကရိတ် မေ ၂

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် တိုက်ပွဲဖြစ်စဉ်များကြောင့် ရပ်ကွက်များအတွင်းရှိ လူနေအိမ်များ မြို့မဈေးကြီး၊ ပြည်သူ့ဆေးရုံကြီးနှင့်ဆေးပေးခန်းများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါဖြစ်စဉ်များကြောင့် မြို့နေပြည်သူလူထုများသည် ဘေးလွတ်ရာနေရာဒေသများသို့  ယာယီပြောင်းရွှေ့နေထိုင်ခဲ့ကြရာ ယခုအခါ နယ်မြေတည်ငြိမ်အေးချမ်းလာမှု အားကောင်းလာပြီဖြစ်သည့်အတွက် ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ကော့ကရိတ်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိပြီး ၎င်းပြည်သူလူထုများ နေထိုင်စားသောက်ရေး အဆင်ပြေစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများအား စီမံကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းအချိန်က မြို့မဈေးကြီးအားပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ပြည်သူ့ဆေးရုံကြီးပြန်လည်ဖွင့်လှစ်ပြီး ကျန်းမာရေးကူညီစောင့်ရှောက်မှုပေးနိုင်ရေးအတွက် ပျက်စီးမှုများအား ပြန်လည်ပြုပြင်ခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဉီးစောထွန်းအောင်၊ စစ်ဗျူဟာမှူးနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ပြည်နယ်ဦးစီးမှူး၊ ကော့ကရိတ်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးမှ လိုအပ်သည်များကို ဆွေနွေးမှာကြားခဲ့ကြောင်း သိရသည်။

ကော့ရိတ်မြို့အတွင်းသို့ ဧပြီလ ၂၇ ရက်နေ့မှစတင်ပြီး ယာယီနေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက်လျက်ရှိရာ မေလ ၁ရက်နေ့အထိ ယာယီနေရပ်စွန့်ခွာသူပြည်သူ ၄၂၈၆ ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် သိန်းကိုးဆယ်ကျော်နှင့် မီးလောင်ပျက်စီးအိမ် စုစုပေါင်း (၁၅၀) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၁၅၀)ပုံး တန်ဖိုးငွေကျပ် (ခုနစ်ဆယ့်သုံးသိန်းငါးသောင်းငါးထောင်လေးရာကျပ်)အား ထောက်ပံ့ပေးနိုင်ခဲ့ပြီး နောက်ထပ်မီးလောင်ပျက်စီးခဲ့သည့် နေအိမ်များအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေများနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိူးတို့အား စာရင်းကောက်ယူ၍ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)