လိပ်သို မေ ၂
အလုပ်သမားနေ့သည် လုပ်အားတန်ဖိုးကို မြှင့်တင်ပေးသည့်နေ့ဖြစ်ကြောင်း၊ အလုပ်သမားနေ့ကို အလုပ်သမားများသာမက အလုပ်ရှင်များကပါတန်ဖိုးထားကြရမှာဖြစ်ကြောင်း သိရှိစေရန်ရည်ရွယ်၍ “ကမ္ဘာ့အလုပ်သမားနေ့” အထိမ်းအမှတ်အသိပညာပေးTalk Show ဆွေးနွေးပွဲကို လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီကပြုလုပ်ခဲ့သည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ မြို့ဉီးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က အလုပ်သမားဟူသည် မိမိအသက် မွေးဝမ်းမှုအတွက် ကာယအား၊ ဉာဏအားကို အသုံးပြု၍ အလုပ်လုပ်သူဟု အဓိပ္ပါယ်ရကြောင်း၊ မေဒေးလို့ခေါ်သော အလုပ်သမားနေ့သည် ကမ္ဘာ့အလုပ်သမား လူတန်းစားများအတွက် အလွန်အရေးပါသောနေ့ကြီးဖြစ်ကြောင်းနှင့် Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ နော်ဖလောရင်းဟန် (အငယ်တန်းစာရေး)က ၁၉ ရာစုခေတ်က အလုပ်သမားများသည်တစ်နေ့ကို (၁၆) နာရီမှ (၂၀) နာရီအထိ ပင်ပန်းကြီးစွာ အလုပ်ဆင်းရသော်လည်း အလုပ်သမားအခွင့်အရေး ရရှိမှုလွန်စွာနည်းပါးသဖြင့် အလုပ်သမားသပိတ် စတင်ဖြစ်ပေါ်ခဲ့ကြောင်း၊ ကမ္ဘာ့အလုပ်သမားနေ့ဖြစ်ပေါ်လာပုံအကြောင်းနှင့် နှစ်စဉ်မေလတစ်ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အလုပ်သမားနေ့ကို အလေးထားကာ အလုပ်သမားများ၏ ဂုဏ်ရည်နှင့် ကြိုးစားအားထုတ်မှုများကို ဂုဏ်ပြုသင့်ပါကြောင်းတို့ကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဒေသနေပြည်သူများ၊ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန် နေ့ထူးနေ့မြတ်နှင့်ဆိုင်သည့် အသိပညာပေးအကြောင်းအရာများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)