ကော့သောင်းမြို့တွင် ရနောင်း-ကော့သောင်း ဒုတိယအကြိမ်မြောက် ထိုင်း-မြန်မာလူငယ် ရွက်လှေသင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်

ကော့သောင်း မေ ၂

ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်တွင် ကျင်းပပြုလုပ်ခဲ့သည့် ထိုင်း-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုတိုးစေရန် ရနောင်း-ကော့သောင်း ဒုတိယအကြိမ်မြောက် ထိုင်းမြန်မာလူငယ် ရွက်လှေသင်တန်းသင်တန်းဆင်း ပိတ်ပွဲအခမ်းအနားကို ယ‌‌မန်နေ့နံနက်(၉)နာရီခွဲက ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ဘုရင့်နောင်ရပ်ကွက်၊ ဘုရင့်နောင်ကုန်းမြေနေရာ၌ ကျင်းပပြုလုပ်ခဲ့ရာ ရနောင်း-ကော့သောင်းနှစ်ခရိုင်မှ တာဝန်ရှိဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရွက်လွှင့်နည်းပညာသင်တန်းသား/သူများနှင့် အုပ်ထိန်းသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ရှေးဦးစွာ ရနောင်းဒုခရိုင်ဝန် SubLt.kittipop က သင်တန်းဆင်းအမှာစကားပြောကြားပြီး စစ်ဗျူဟာအခြေချအဖွဲ့(ကော့သောင်း) စစ်ဗျူဟာမှူးဗိုလ်မှူးကြီး‌ ကျော်ထိုက်က အခမ်းအနားသို့ တက်‌‌ရောက်လာကြ‌သော တာဝန်ရှိပုဂ္ဂိုလ်များသင်တန်းဆင်းလူငယ်များနှင့် မိဘအုပ်ထိန်းသူများအား ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က သင်တန်းဆင်းအမှာစကားပြောကြားပြီး၊ ရနောင်း ရေတပ်ဗိုလ်မှူးကြီး CAPT.Pornprom Sakultem က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ရနောင်း-ကော့သောင်း ဒုတိယအကြိမ်မြောက် ထိုင်း-မြန်မာလူငယ် ရွက်လှေသင်တန်း တက်‌‌ရောက်ပြီးမြောက်ခဲ့သော မြန်မာလူငယ် (၂၂)ဦး၊ ထိုင်းလူငယ်(၃၂) ရွက်လွင့်ပညာသင်လူငယ်(၅၄)ဦးအား ရနောင်း-ကော့သောင်းနှစ်ခရိုင်မှ တာဝန်ရှိပုဂ္ဂိုလ် (၁၃)ဦးက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြသည်။ ထို့နောက် ရနောင်းခရိုင်မှ တာဝန်ရှိပုဂ္ဂိုလ်များအား ကော့သောင်းခရိုင်မှ တာဝန်ရှိပုဂ္ဂိုလ်အသီးသီးမှ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး တနင်္သာရီတိုင်း‌ဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအဖွဲ့ဝင် ကော့သောင်းခရိုင်ခရီးသွားလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဗညားသိုင်းမွန်က ကျေးဇူးတင်စကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)