မင်းဘူးမြို့၌ သက်ကြီးရွယ်အို အဘိုးအဘွားများအတွက် အပူရှောင်စခန်းဖွင့်လှစ်ပေး

မင်းဘူး မေ ၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ သက်ကြီးရွယ်အို အဘိုးအဘွားများအား အပူဒဏ်မှကင်းဝေးပြီး၊ သက်တောင့်သက်သာဖြင့် အေးချမ်းစွာ အနားယူနိုင်ရန်အတွက် မင်းဘူးမြို့ ပညာအလင်းရောင် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ယနေ့နံနက် ၈ နာရီက အပူရှောင်စခန်း ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ အပူရှောင်စခန်းတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် စီမံအဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးအိ၊ ခရိုင်နှင့် မြို့နယ်မှဝန်ထမ်းများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက ရပ်ကွက်အတွင်းမှ အဘိုးအဘွားများအား ဆီးကြိုကာ Royal -D အချိုရည်များ ပေးအပ်လှူဒါန်းခြင်း၊ အမောအပန်းဖြေစေခြင်း၊ လက်သည်းခြေသည်းများ ညှပ်ပေးခြင်းဖြင့် ကုသိုလ်ပြု ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပညာအလင်းရောင် အပူရှောင်စခန်းတွင် အသက် ၇၅ နှစ်အထက် အဘိုး ၁၄ ဦး၊ အဘွား ၃၁ ဦးဖြစ်၍ စုစုပေါင်း ၄၅ ဦးရှိပြီး ၂၀၂၄ ခုနှစ် မေလ ၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ၊ နံနက် ၈ နာရီမှ ညနေ ၆ နာရီအတွင်း အပူရှောင်စခန်းတွင်ထားရှိကာ နေ့လယ်စာ၊ ညစာနှင့် အချိုရည်များပါ တိုက်ကျွေးသွားမှာဖြစ်ကြောင်း မင်းဘူးမြို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဝင်းက ပြောပြသည်။

ဇေယျာထက်(မင်းဘူး)