ကံမ မေ ၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် နေ့စဉ် တစ်နေ့ထက်တနေ့ အပူရှိန်မြင့်မားလာသဖြင့် ဒေသခံပြည်သူများ အသက်အန္တရာယ် ထိခိုက်မှုမရှိစေရေးအတွက် မြို့နယ်အပူရှောင်စခန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ စီစဉ်မှုဖြင့် ၂၀၂၄ ခုနှစ် မေလ(၁)ရက်နေ့မှစတင်၍ ပူပြင်းသည့် နွေရာသီကာလအတွင်း နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၅)နာရီအထိ မြို့နယ်သာသနာ့ဗိမာန်တွင် ဖွင့်လှစ်ထားရှိမှုအား အများပြည်သူသိရှိနိုင်ရန် မြို့ပေါ်ရပ်ကွက်များအတွင်းသို့ တာဝန်ရှိသူများက ယမန်နေ့ည(၇)နာရီက နှိုးဆော်ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါအပူရှောင်စခန်းသို့ မြို့ပေါ်ရပ်ကွက်များမှ အသက်(၇၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို အဘိုးအဘွားများ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါအခံရှိသူများအပါအဝင် မိမိနေအိမ်တွင် နေထိုင်ရန်အဆင်မပြေသူများ နံနက်(၉)နာရီမှ ညနေ(၅)နာရီအထိ လာရောက်အပူရှောင် နားခိုနိုင်ပြီး ထိုသို့လာရောက်သူများအား နေ့လယ်စာ သားသတ်လွတ်ထမင်းကျွေးမွေးသွားမည်ဖြစ်ပြီး နားနေချိန်အတွင်း ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ၏ တရားရေအေးအမြိုက်ဆေးများ နာကြားနိုင်ရန် စီစဉ်ထားရှိပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အချိန်ပြည့်ကျန်းမာရေးစောင့်ရှောက်မှုများ အပြည့်အဝပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)