ဆင်ပေါင်ဝဲ မေ ၂
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ရည်မှန်းချက် တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆင်ပေါင်ဝဲမြို့မှ အကောင်အထည်ဖော် ဆောင်ရွက်မည့် ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် "နိုင်ငံတော်ရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားစီမံကိန်းဥပဒေ၊ အခွန်အကောက်ဥပဒေ၊ ဘဏ္ဍာငွေအရ/ အသုံးဥပဒေစတဲ့ ဥပဒေ (၃)ရပ်ကို နှစ်စဉ်ရေးဆွဲပြဋ္ဌာန်းပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဆောက်လုပ်မှုကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍများကို ဒေသန္တရစီမံကိန်း ရည်မှန်းချက်ပြည့်မှီအောင် သက်ဆိုင်ရာဌာနများက ဆောင်ရွက်သွားကြရန်လိုကြောင်း" ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အကောင်အထည်ဖော်ဆောင်ရွက်မည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများအား ကဏ္ဍအလိုက် စီမံကိန်းတာဝန်များပေးအပ်ခဲ့ပြီး မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်အေးအေးသောင်းက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအခြေအနေနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)