ဘားအံ မေ ၂
နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကအရေးပါသည့် အင်အားစုကြီးတစ်ခုဖြစ်သော အလုပ်သမားများ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုဂုဏ်ပြုသောအားဖြင့် ၂၀၂၄ ခုနှစ်၊ အလုပ်သမားနေ့အခမ်းအနားနှင့် ပြည်နယ်ထုတ်ကုန်ပစ္စည်းများ MSME ပြပွဲကို မေလ ၁ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
အလုပ်သမားနေ့အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော သဝဏ်လွှာကို ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အခမ်းအနားသို့ တက်ရောက်လာသူများက အလုပ်သမားဆိုင်ရာလှုပ်ရှားဆောင်ရွက်မှုများ Video Clip ကို အတူတကွကြည့်ရှုခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းဝန်ဆောင်မှုကဏ္ဍနှင့်ထုတ်လုပ်မှုကဏ္ဍတို့တွင် ထူးချွန်ဆုရရှိကြသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး အလုပ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် ရွှေကရင်အဖွဲ့၏ ဒိုးပတ်ဝိုင်း၊ ကျောင်းသား၊ ကျောင်းသူများက အလုပ်သမားနေ့သီချင်းဖြင့် တီးမှုသီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်စီးပွားရေးရာဝန်ကြီးက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနတို့၏ သက်ဆိုင်ရာဌာနများအလိုက် ခင်းကျင်းပြသထားသော အသိပညာပေးလုပ်ငန်းလှုပ်ရှားဆောင်ရွက်မှု ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော အလုပ်သမားနေ့အထိမ်းအမှတ် ပြည်နယ်ထုတ်ကုန်ပစ္စည်းများ MSME ပြပွဲတွင် လူသုံးကုန်ဆိုင်ရာ MSME ထုတ်ကုန်များ၊ စားသောက်ကုန်ဆိုင်ရာ MSME ထုတ်ကုန်များ၊ ခရီးသွားလုပ်ငန်းနှင့်အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာများ၊ ရိုးရာဝတ်ဆင်မှုဆိုင်ရာ MSME ထုတ်ကုန်များ၊ စိုက်ပျိုးရေးဆိုင်ရာ MSME ထုတ်ကုန်များ၊ စက်မှုလယ်ယာ၊ စိုက်ပျိုးရေး ဦးစီးဌာနပြခန်းအပါအဝင် စုစုပေါင်း ပြခန်းပေါင်း ၂၈ ခန်းအတွင်း MSME ထုတ်ကုန်များ ခင်းကျင်းပြသရောင်းချနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ဒေသထွက် MSME ထုတ်ကုန်များကို ပိုမိုတိုးမြှင့်ထုတ်လုပ်၍ ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်များထိ တင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။
အလားတူ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲကို နံနက် ၁၀ နာရီက ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)သွေးလှူဘဏ်ဌာန၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျန်းမာရေးဝန်ထမ်းများမှ မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းနိုင်ရေး လိုအပ်သည့်ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးနေမှုအခြေအနေနှင့် သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် မီးသတ်တပ်ဖွဲ့ဝင်များမှ စုပေါင်းသွေးလှူဒါန်းပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး အာဟာရဖြည့်စွက်အစားအစာများဖြစ်သော ကြက်ဥ၊ အားဖြည့်အချိုရည်နှင့်အားဆေးများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)