ခန္တီး နိုဝင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံနေရာများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုကို ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးလှမျိုးနှင့် ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲပိုင်းက ခနီ္တးမြို့ပေါ်ရှိ မဲရုံများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ မဲရုံများကို ကျန်းမာရေးနှင့်အားဝန်ကြီးဌာန လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ထားမှုရှိ/ မရှိ၊ မဲရုံပရဝုဏ်အတွင်းရှိ မဲဆန္ဒရှင်များ၏ ကျန်းမာရေးစစ်ဆေးဂိတ် ဆောင်ရွက်ထားမှု၊ လွှတ်တော်တစ်ရပ်ချင်း အတွက် ဆန္ဒမဲပုံးများ ပြင်ဆင်ထားရှိမှု၊ မဲဆန္ဒရှင်ပြည်သူများအဆင်ပြေလွယ်ကူစွာ မဲပေးနိုင်ရေးနေရာ ပြင်ဆင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဦးလှမျိုးက မဲရုံနေရာများစီစဉ် ထားရှိမှုနှင့်ပတ်သက်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ခန္တီးမြို့နယ်တွင် မဲရုံ (၃၄) ရုံနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၃၁၃၈၄) ဦးရှိကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
စနေမောင်မောင်(ခန္တီး)