စလင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးကြိုပဲတီစိမ်း(၈၉၃၀)ဧက စိုက်ပျိုးပြီးစီး

စလင်း မေ ၂

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်ရှိ တောင်သူအများစုသည် ၂၀၂၄ ခုနှစ်တွင်  စိုက်ပျိုးရေးကို  အထူးအလေးထားစိုက်ပျိုးလာကြပြီဖြစ်ရာ လယ်၊ ယာ၊ ကိုင်းများတွင် မြေကို အကျိုးရှိစွာဖြင့် အသုံးချ၍ မိသားစုဝင်ငွေတိုးပွားစေပြီး မိုးကြိုပဲတီစိမ်းများကို  အလေးထားစိုက်ပျိုးလာကြကြောင်း စလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စလင်းမြို့နယ်ရှိ တောင်သူအများစုသည် မိုးစပါးရိတ်သိမ်းပြီး လယ်၊ ယာ၊ ကိုင်းမြေများကို  ထွန်ယက်၍ မိသားစုများ ဝင်ငွေတိုးပွားစေမည့်အပြင် နိုင်ငံတော်အား တစ်ဖက်တစ်လမ်းမှ  အထောက်အကူဖြစ်စေကာ ပြည်ပသို့ ပို့ကုန်၊ သွင်းကုန်များအဖြစ် ရောင်းချ၍  အထွက်နှုန်းကောင်း၊ စျေးရရှိသည့် မိုးကြိုပဲတီစိမ်းများကို နေရာဒေသအလိုက်  ယခုနှစ်တွင် အများအပြားစိုက်ပျိုးကြရာ ငွေကိုမလို၊ ရွှေကိုမလို၊ ရေကိုသာလို၏ ဆိုရိုးစကားအတိုင်း ပွင့်ဖြူမြို့ မဲဇလီဆည်နှင့်  စလင်းတမံတို့မှ ရေရရှိသဖြင့် ရေကိုအကျိုးရှိစွာ အသုံးပြု၍  အစိုးရဆည်များမှ ရေကိုအသုံးချ၍ ပဲတီစိမ်းများကို စိုက်ပျိုးကြရာ၊ လယ်မြေ၊ ယာမြေ၊ ကိုင်းမြေများမှ ပဲတီစိမ်းစိုက်ပျိုး(၂၀၅၅)ဧက၊ မဲဇလီဆည်မှ ရေကိုအသုံးပြု၍ လယ်မြေ၊ ယာမြေ၊ ကိုင်းမြေများတွင် စိုက်ပျိုး(၁၁၉၉)ဧကနှင့် မြေအောက်ရေကို ရေစုပ်စက်များကို အသုံးပြု၍၊ လယ်မြေ၊ ယာမြေ၊ ကိုင်းမြေနှင့် ကျူးမြေများတွင် စိုက်ပျိုး(၅၆၇၆)ဧကအား စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင်  မိုးကြိုပဲတီစိမ်းစိုက်ပျိုးပြီးစီးမှု(၈၉၃၀)ဧက ရှိကြောင်းဖြင့်  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  ဖေဖော်ဝါရီလကုန်ရက်များမှ စတင်စိုက်ပျိုးနိုင်ကြစေရန်အတွက်  အစိုးရဆည်နှင့် မဲဇလီဆည်တို့မှ ရေများနွေစပါး စိုက်ပျိုးရေပေးမှုနှင့်အတူ  မိုးကြိုပဲတီစိမ်းများကို စိုက်ပျိုးနိုင်ရန်  ထွန်ယက်စိုက်ပျိုးခဲ့ကြရာ ပဲတီစိမ်းစိုက်ပျိုးတောင်သူများ  အထွက်နှုန်းကောင်းမွန်ပြီး စိုက်ပျိုးနိုင်ကြစေရန် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်းမျိုးသန့်များကို စိုက်ပျိုး၍ သဘာဝဓာတ်မြေသြဇာများနှင့် ပိုးသတ်ဆေးများကို  လိုအပ်သလိုအသုံးပြုကြရန် တောင်သူပညာပေးလုပ်ငန်းများကို  ကွင်းဆင်းဟောပြောခြင်းများဖြင့်  စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးကြကြောင်း  စိုက်ပျိုးရေးဦးစီးဌာနမှ  သိရသည်။

စလင်းမြို့နယ်၌  ပဲတီစိမ်းများကို စိုက်ပျိုးကြရာ တောင်သူများအား  တစ်ဧကပန်းတိုင်အထွက်နှုန်းများ ရရှိစေရန် နေရာဒေသအလိုက် စိုက်ပျိုးပြီးစီးခဲ့မှုများတွင်  စိုက်ပျိုးရေးဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးခဲ့ရာ၌ မျိုးကောင်းမျိုးသန့်များရရှိစေရေး၊ စိုက်ပျိုးနည်းစနစ်များ မှန်ကန်ရေး၊ ပိုးမွှားအန္တရာယ်မှအစ ကင်းရှင်းစေကာ၊ စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများကို  နည်းစနစ်မှန်ကန်စွာ အသုံးပြုကြစေရန်  ကွင်းဆင်းအသိပညာပေးခြင်းလုပ်ငန်းနှင့် လက်တွေ့သရုပ်ပြကွင်းဆင်း၍  စိုက်ပျိုးရေးလုပ်ငန်းများကို အသိပညာပေး တောင်သူများအား  ကူညီဆောင်ရွက်ပေးကြကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မောင်လွင်(စလင်း)