မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်  မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

ကွေး  မေ  ၁

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅) နှစ်အောက် အမျိုးသား၊အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက မကွေးတိုင်းဒေသကြီး အားကစားကွင်းရှိ ဖူဆယ်အားကစားရုံ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။

ရှေးဦးစွာ မကွေးတိုင်း ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် အမျိုးသမီးဗိုလ်လုပွဲ ပွဲစဉ်အဖြစ်တောင်တွင်းကြီးမြို့နယ်အသင်းနှင့် ငဖဲမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို လည်းကောင်း၊ အမျိုးသားဗိုလ်လုပွဲ ပွဲစဉ်အဖြစ် သရက်မြို့နယ်အသင်းနှင့် မကွေးမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကိုလည်းကောင်း ကြည့်ရှုအားပေးရာ အမျိုးသမီးဗိုလ်လုပွဲတွင် တောင်တွင်းကြီး မြို့နယ်အသင်းက ငဖဲမြို့နယ်အသင်းကို နှစ်ပွဲတစ်ပွဲဖြင့်လည်းကောင်း၊ အမျိုးသားဗိုလ်လုပွဲတွင် သရက်မြို့နယ်အသင်းက မကွေးမြို့နယ်အသင်းက နှစ်ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရ ဗိုလ်စွဲခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကိုကျင်းပရာ အမျိုးသား၊အမျိုးသမီး အကောင်းဆုံးနောက်ထိန်း၊ ပင့်ထောင်နှင့် ရိုက်ခုတ်ဆုရရှိသူများအား ဆုကလပ်နှင့် ငွေသားဆု ကိုလည်းကောင်း၊ အမျိုးသား၊ အမျိုးသမီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အမျိုးသား(၄)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဒုတိယ၊တတိယဆုရရှိသည့် အသင်းများအားတစ်ဦးချင်း ဆွဲပြား၊ ဆုကလပ်နှင့်ငွေသားဆုများကို ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ပြီး အမျိုးသား(၄)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ပထမဆုရရှိသော မင်းဘူးမြို့နယ်အသင်းနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲတံခွန်စိုက်ဆုရရှိသော သရက်မြို့နယ်အသင်းကို     ဝန်ကြီးချုပ် ဦးတင့်လွင်က  တစ်ဦးချင်းဆွဲပြား၊ ဆုကလပ်နှင့် ငွေသားဆုကို  အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၁၉)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဧပြီလ ၂၆ ရက်နေ့မှ မေလ ၁ ရက်နေ့အထိကျင်းပခဲ့ကြောင်း သိရသည်။

အောင်ကို (ဖန်ခါးမြေ)