အင်္ဂပူမြို့၌ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ် (၂၀၂၄) အခမ်းအနား ကျင်းပ

အင်္ဂပူ မေ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၄) အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးပပစိုးရီက ကာကွယ်ဆေး အကျိုးကျေးဇူးများနှင့် "ကလေးများအနာဂတ်လှပဖို့ လူတိုင်းပါဝင်ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့် အသက်ကယ်စို့" ဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၄) လှုပ်ရှားဆောင်ရွက်မှုအ‌ခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်‌ကျော်မိုး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး‌ ဒေါက်တာအေးပပစိုးရီ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာဌေးနှင့်အဖွဲ့ဝင်များ၊ မွေးပြီးမိခင်နှင့်ကလေးများ၊ ကျန်းမာရေးဝန်ထမ်းများတက်ရောက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အသက် (၂) နှစ်အောက်ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့် ကာကွယ်ဆေးများ ထိုးနှံပေး‌နေမှုအား ကြည့်ရှုအား‌ပေးခဲ့ကြောင်း သိရသည်။

မန်းကျော် (ပြန်/ဆက်)