လေးမျက်နှာမြို့၌ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ် အခမ်းအနား (၂၀၂၄) ကျင်းပ

လေးမျက်နှာ  မေ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာ‌ရေး အစည်းအဝေးခန်းမ၌ “ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ် အခမ်းအနား (၂၀၂၄)ကို ယမန်နေ့ညနေ ၄ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစုစုလှိုင်က ကိုယ်ဝန်ဆောင်ချိန်မှ မီးဖွားချိန်၊ မီးတွင်းကာလအတွင်း ဆောင်ရန်ရှောင်ရန်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက်(၂)နှစ်အထိ ကလေးများအား ကာကွယ်ဆေးများ ဆေးထိုးစုရပ်အလိုက် ထိုးနှံပေးနေမှုများနှင့် ကာကွယ် ဆေး၏တန်ဖိုး၊ အကျိုးကျေးဇူးများအား အသိပညာပေး ဆွေးနွေးခဲ့သည်။

“ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ်အခမ်းအနား(၂၀၂၄)၏ဆောင်ပုဒ်မှာ “ကလေးများအနာဂတ်လှပဖို့ လူတိုင်းပါဝင်ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့် အသက်ကယ်စို့” ဖြစ်ပြီး၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ် အခမ်းအနား(၂၀၂၄) လှုပ်ရှား ဆောင်ရွက်မှု အထိန်းအမှတ် Video Clip အားပြသခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက အသက်(၆)လမှ (၁၁)လအထိ ကလေးများ၊ အသက်(၁)နှစ်မှ (၅)နှစ်အထိ ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များ လိုအပ်သည့်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး၊ အာဟာရအတွက် ကြက်ဥနှင့်မုန့်များပေးခဲ့ကြောင်း သိရသည်။

မိုးသက်ကို (ပြန်/ဆက်)