မြန်အောင် မေ ၁
သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန ၁၃၈၄(၂၀၂၃) ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ရှားတောကျေးရွာအုပ်စု၊ ဘုရားသုံးဆူအနောက်ကျောင်းဆရာတော် ဘဒ္ဒန္တနာရဒ၏ တပည့် သာသနာဓဇ ဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရ အရှင်ပညာသီဟ အားဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်က ဘုရားသုံးဆူအနောက်ကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
သာသနာဓဇ ဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရ အရှင်ပညာသီဟ အားဂုဏ်ပြုပူဇော်ပွဲအခမ်းအနားနှင့် ပုနောပသမ္ပဒသိက္ခာထပ်ဆင့်ကံတော်မြှင့်ခြင်း ကုသိုလ်မင်္ဂလာပွဲအား နမောတဿ(၃)ကြိမ် ဘုရားကန့်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး တေးသံရှင်နန်းဧရီက ဆရာတော်၏ ထေရုပ္ပတ္တိ ရတုပိုဒ်စုံဖြင့် ရွတ်ဖတ်ပူဇော်သည်။ ဆက်လက်၍ မြန်အောင်မြို့ ကြာနီကန်ကျောင်းတိုက် ပဓာနနာယက,နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဒေါက်တာဘဒ္ဒန္တဣန္ဒာသဘ, တိပိဋက.ဒီဃဘာဏက, ဒီဃနိကာယကောဝိဒ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ပိဋကတ်တစ်ပုံဆောင် သာသနဓဇဓမ္မာစရိယ အရှင်သူမြတ်ဆရာတော်ဘုရားမှ ငါးပါးသီလချီးမြင့်ခဲ့သည်။
ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားတွင် အရှင်ပညာသီဟ သာသနာဓဇ ဓမ္မာစရိယ၏ ထေရုပ္ပတ္တိကထာ၊ ဂုဏဝိသိဌ ပူဇာဂါထာ၊ ရှစ်ဆယ်ပေါ်တေးထပ်တို့အား ဆရာတော်ဘုရားများနှင့်တေးသံရှင် နန်းဧကရီတို့က ရွတ်ဆိုပူဇော်ခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံတော်အစိုးရမှ ဆက်ကပ်သော သာသနာဓဇ ဓမ္မာစရိယ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ၊ လှူဖွယ်ဝတ္ထုပစ္စည်းများ၊ ဓမ္မပူဇာများကို အရှင်ပညာသီဟ သာသနာဓဇဓမ္မာစရိယအား ဦးမင်းမင်း+ဒေါ်စန္ဒာ (ရွှေအိမ်သူရွှေဆိုင်)နှင့် တပည့်ဒါယကာဒါယိကာမများက ထပ်ဆင့်ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြသည်။
ထို့နောက် မြန်အောင်မြို့နယ် ရှားတောကျေးရွာအုပ်စု၊ ဘုရားသုံးဆူအနောက်ကျောင်းဆရာတော် ဘဒ္ဒန္တနာရဒ အရှင်သူမြတ်ထံမှ ဧည့်ပရိတ်သပ်တို့က လှူဒါန်းမှူ အစုစုတို့အတွက် ရေစက်ချ အနုမောဒနာတရားနာယူခဲ့ကြပြီး အရှင်ပညာသီဟ သာသနာဓဇ ဓမ္မာစရိယ ဂုဏ်ပြုပူဇော်ပွဲအား ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အောင်မြင်စွာကျင်းပခဲ့သည်။
ဝင်းဗိုလ် (မြန်အောင်)