ချောင်းသာ မေ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ဒွါဒသမတန်းလူရည်ချွန်မောင်မယ်များစခန်းချနေထိုင်လျက်ရှိသည့် ၂၀၂၄ ခုနှစ်၊ လူရည်ချွန်စခန်း(ချောင်းသာ) စခန်းပိတ်သိမ်းပွဲအခမ်းအနားကို ယမန်နေ့ညပိုင်းက စခန်းတည်ရှိရာ AZURA ဟိုတယ်ရှေ့ ကမ်းခြေသဲသောင်ပြင်တွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ စခန်းပိတ်သိမ်းပွဲကျင်းပမည့် ကမ်းခြေသဲသောင်ပြင်တွင် လူရည်ချွန်မောင်မယ်များက နေရာယူခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။
ယင်းနောက် စခန်းသိမ်းမီးပုံပွဲကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က စခန်းသိမ်းမီးပုံအား မီးစတင်ထွန်းညှိ၍ မီးပုံပွဲကိုစတင်ကျင်းပခဲ့ပြီး ဝန်ကြီးချုပ်နှင့်အတူ ဧည့်သည်တော်များ၊ လူရည်ချွန်မောင်မယ်များ၊ ကြီးကြပ်ဆရာဆရာမများက မီးပုံပွဲကို တစ်ပျော်တစ်ပါး ပါဝင်ဆင်နွှဲခဲ့ကြသည်။
ထို့နောက် လူရည်ချွန်အပန်းဖြေစခန်း(ချောင်းသာ) စခန်းမှူး၊ တိုင်းဒေသကြီးပညာရေးမှူး ဦးတိုးဝင်းနှင့် ချောင်းသာဟိုတယ်ဇုန်အဖွဲ့များက လူရည်ချွန်အောင်မယ်များအား အမှတ်တရ လက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ပြီး သီဆိုကပြဖျော်ဖြေကြသည့် လူရည်ချွန်မောင်မယ်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးခင်မောင်ကြည်က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ် သည်။
ဆက်လက်၍ လူရည်ချွန်မောင်မယ်များက သက်ဆိုင်ရာတိုင်းနှင့်ပြည်နယ်အလိုက် အစုအဖွဲ့များဖြင့် တေးသီချင်းများကို ကပြသီဆိုခဲ့ပြမှုများအား တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့နောက် တိုင်းဒေကြီးဝန်ကြီးချုပ်က ၂၀၂၄ ခုနှစ်၊ ဒွါဒသမတန်းလူရည်ချွန်စခန်း(ချောင်းသာ)အား ပိတ်သိမ်း ကြောင်းကြေညာခဲ့ပြီး လူရည်ချွန်မောင်မယ်များ၊ ကြီးကြပ်ဆရာ၊ ဆရာမများက လပ်တီးသီချင်းဖြင့် ဝိုင်းဖွဲ့သီဆိုကခုန်ခဲ့ကြပြီး စခန်းပိတ်သိမ်းပွဲအထိမ်းအမှတ်အဖြစ် မီးရှုးမီးပန်းများပစ်လွှတ်တင်ကာ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ချောင်းသာ(ပြန်/ဆက်)