တောင်ငူမြို့၌ နွေစပါးစံကွက် ရိတ်သိမ်းပွဲကျင်းပ

တောင်ငူ မတ် ၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ ဆည်ရေသောက်၊ မြေအောက်ရေ၊ မြစ်ရေတင် (လျှပ်စစ်၊ ဆိုလာ)စနစ်တို့ဖြင့် နွေစပါးစုစုပေါင်း (၁၉၂၇၁)ဧက စိုက်ပျိုးထားသည့်အနက်မှ အထွက်နှုန်း မှန်ကန်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ ဦးဆောင်၍ နွေစပါးစံကွက် ရိတ်သိမ်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မိုးကောင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄၈၇)၊ ဦးပိုင် (၁၃၈)၊  တောင်သူ ဦးသန်းမြင့် ပိုင်ဆိုင်သည့် လယ်ဧက (၂၀၀)ရှိ ဧရိယာ (၀.၁၀)ဧကအား (သင့်) ကိုယ်စားပြု စံကွက်ရွေးချယ်၍  ကျင်းပသည်။

ထိုသို့ကျင်းပရာသို့ မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ လာရောက်ကြည့်ရှု အားပေးခဲ့ပြီး အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးသည်။ ပသိဆည်ရေသောက်စနစ်ဖြင့် စိုက်ပျိုးခဲ့ သည့် တောင်သူဦးသန်းမြင့်၏ နွေစပါးစံကွက် လယ်ဧက (၂၀၀)တွင် မြို့နယ်စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီမှ အနီးကပ်ကြီးကြပ်၍ ဆင်းသုခစပါးမျိုးအား  မျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးခဲ့ပြီး တစ်ဧကစပါးအထွက်နှုန်း စပါးအစို (၁၅၀.၅)တင်း ထွက်ရှိသည်။ တောင်ငူမြို့နယ်၌ နွေစပါးစုစုပေါင်း (၁၉၂၇၁)ဧက စိုက်ပျိုးအောင်မြင်လျက်ရှိပြီး နွေစပါးအထွက်နှုန်း ကောင်းမွန်လျက်ရှိကာ တောင်သူလယ်သမားများ စျေးကောင်းရရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ဇော်ကိုကို (တောင်ငူ)