လွိုင်ကော် နိုဝင်ဘာ ၇
ကယားပြည်နယ် လွိုင်ကော်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကြိုတင် ဆန္ဒမဲ လာရောက်မပေးနိုင်သော အသက်(၆၀)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် နာမကျန်းသူများအား ယနေ့နံနက်ပိုင်းက အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံအဖွဲ့ဝင်များ၊ မဲရုံ စောင့်ကြည့်ရေး အဖွဲ့ဝင်များက မဲရုံသို့ လာရောက်၍ ကြိုတင်ဆန္ဒမဲပေးရန် အခက်အခဲရှိနေသည့် အသက်(၆၀)နှစ် အထက် သက်ကြီးဘိုးဘွားများနှင့် နာမကျန်းသူ မဲဆန္ဒရှင်များအား မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)