မကွေး မေ ၁
မကွေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့မှကြီးမှုး၍ မကွေးတက္ကသိုလ်ရှိ ယင်းမာဆောင်တွင် ပြည်သူများ အပူရှောင်နိုင်ရန်အတွက် အပူရှောင်စခန်းဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှုအား ယနေ့နံနက် ၁၀ နာရီ က မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့သည်။
ရှေးဦးစွာ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်က ပြည်သူများ အပူရှောင်နိုင်ရေးအတွက် အမိုးအကာနှင့် နေရာထိုင်ခင်းများ စီစဉ်ဆောင်ရွက်ထားရှိမှု၊ အစားအသောက်ကျွေးမွေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု၊ ကျန်းမာရေးစောင်ရှောက်မှု လုပ်ငန်းဆောင်ရွက်နိုင်ရေး စီစဉ်ထားရှိမှုနှင့် သက်ကြီးဘိုးဘွားများ တရားနာယူနိုင်ရန်အတွက် စက်ပိုင်ဆိုင်ရာနှင့် LED ဘုတ် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုကြည့်ရှုပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။
မကွေးတိုင်းဒေသကြီးတွင် ပြည်သူများအပူဒဏ်ကာကွယ်နိုင်ရေးအတွက် အပူရှောင်စခန်းများကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မကွေးခရိုင်၊ မင်းဘူးခရိုင်နှင့် ချောက်ခရိုင်များတွင် ဖွင့်လှစ်သွားမည်ဖြစ်ကာ ကျန်ရှိနေသေးသည့်ခရိုင်များတွင်လည်း ဆက်လက်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မကွေးတက္ကသိုလ်(ယင်းမာဆောင်)ရှိ အပူရှောင်စခန်းကို မေလ (၂) ရက်နေ့မှစတင်၍ နံနက်(၈) နာရီမှ ညနေ (၆) နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ကာ အပူရှောင်စခန်းသို့ လာရောက်အနားယူမည့် သက်ကြီးဘိုးဘွားများအတွက် ကြို/ပို့ယဉ်များ စီစဉ်ဆောင်ရွက်ထားရှိပြီးနေ့လည်စာနှင့် အခြားစားသောက်ဖွယ်ရာများကိုလည်း ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကို(ဖန်ခါးမြေ)