ကန့်ဘလူ၌ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ကန့်ဘလူ မေ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ကလေးငယ်များ ကျန်းမာသန်စွမ်းစေရေးအတွက် လစဥ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ အသက် ၂ နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ထိုးနှံတိုက်ကျွေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များမှ လာရောက် ကာကွယ်ဆေးထိုးနှံကြသော ကလေးငယ်များကို အသက်အရွယ် အပိုင်းအခြားအလိုက် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဂျပန်ဦးနှောက် အမြှေးရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး၊ ပြင်းထန်အဆုတ်ရောင် ရောဂါကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပြီး ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်၊ ဆုံဆို့ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကျန်ရှိသော အသက် ၂ နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား သတ်မှတ်ရက်များအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)