စစ်ကိုင်းမြို့ရှိ ရာဇမဏိစူဠာကောင်းမှုတော်ဘုရားကြီးအား(၂၄)နာရီလျှပ်စစ်မီး ပူဇော်နိုင်ရေး ဆိုလာစနစ် ပြောင်းလဲသုံးစွဲ

စစ်ကိုင်း  မေ  ၁

စစ်ကိုင်းမြို့ရှိ ရာဇမဏိစူဠာကောင်းမှုတော်ဘုရားကြီးကို မြန်မာသက္ကရာဇ်(၉၉၈)ခုနှစ်တွင် သာလွန်မင်းတရားကြီး သီရိသုဓမ္မာရာဇာပဝရအဓိပတိမှ မြတ်စွာဘုရား၏ လက်ဝဲအောက်စွယ်တော်၊ ဆံတော်၊ သပိတ်တော်နှင့် ရုပ်ပွားတော်များ ဌာပနာ၍ တည်ထားကိုးကွယ်ခဲ့ပြီး ဘုရားကြီး၏ ထီးတော်အလေးချိန်(၃၄၄၀)ပိဿာ၊ ထီးတော်၏ဉာဏ်တော်အမြင့်(၂၆)ပေ၊ စေတီတော်၏ဉာဏ်တော်အမြင့်(၁၈၈)ပေ၊ စေတီတော်၏ အောက်ခြေလုံးပတ်တော်(၈၈၀)ပေ၊ (၅)လက်မရှိကြောင်း သမိုင်းအထောက်အထားများအရ သိရသည်။

ရာဇမဏိစူဠာကောင်းမှုတော်ဘုရားကြီးသည် စစ်ကိုင်းမြို့၏ မြောက်ဘက်(၅)မိုင်ခန့်အကွာ မုံရွာ-မန္တလေး ကားလမ်းမကြီးဘေးတွင် တည်ရှိပြီးနေ့စဉ် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ပြည်သူများဖြင့် စည်ကားလျှက်ရှိပြီး နှစ်စဉ်သီတင်းကျွတ်၊ တန်ဆောင်မုန်းလများတွင်လည်း ဘုရားပွဲတော်များ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသော ကောင်းမှုတော်ဘုရားကြီးကို နေ့စဉ်(၂၄)နာရီ လျှပ်စစ်မီးရရှိ ပူဇော်နိုင်ရေးအတွက် နာယကဆရာတော် ဘုရားကြီးများနှင့် ဘုရားဂေါပကအဖွဲ့များက တိုင်ပင်၍ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်ထံ အကူ အညီတောင်းခံရာ တိုင်းဒေ သကြီးဝန်ကြီးချုပ်မှ ဆိုလာစနစ်ဖြင့်(၂၄)နာရီ မီးရရှိရေး တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေမှ မတည် အလှူငွေ ကျပ်သိန်း(၁၀၀၀)လှူဒါန်းပေးခဲ့ပြီး စေတနာရှင်အလှူရှင်များမှ လှူဒါန်းငွေကျပ်သိန်း (၁၀၇၀) စုစုပေါင်းကျပ်သိန်း(၂၀၇၀)ဖြင့် လုပ်ငန်းကို ဧပြီလ(၆)ရက်မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

ဆိုလာစနစ်တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ဝပ်အား(၅၆၁၆၀) ထုတ်လုပ်နိုင်သည့် ဆိုလာအချပ်(၉၆)ချပ်ကို ဘုရားကြီး၏ အရှေ့တောင်ထောင့်တွင် ရေရှည်တည်တံ့သုံးစွဲနိုင်ရန် စနစ်တကျ တည်ဆောက်ထားရှိပြီး အဆိုပါဆိုလာစနစ်ဖြင့် ကောင်းမှုတော်ဘုရားကြီးရင်ပြင်တော်နှင့် မုဒ်ဦးလေးမုဒ်တို့တွင် ပူဇော်ထားရှိသော ဝပ်(၄၅၀)ဆလိုက်မီး(၃၂)စုံ၊ ဝပ်(၂၄၀)ဆလိုက်မီး(၈)စုံကို လည်းကောင်း၊ ဘုရားစောင်းတန်းများ၊ နားနေဆောင်များအတွင်းရှိ လျှပ်စစ်မီးများ၊ ဘုရားဖူးလာပြည်သူများ ရေအေးသောက်သုံးနိုင်ရန် ရေသန့်၊ ရေအေးစက်များ၊ ဘုရားကြီးအတွင်းရှိ ကျောင်းတိုက်နှင့် ဈေးဆိုင်ခန်းများ သုံးရေအတွက်အသုံးပြုနိုင်ရန် ရေတင်စက်သုံးလုံးတို့ကိုလည်းကောင်း (၂၄)နာရီ အသုံးပြုနိုင်မည်ဖြစ်ပြီး ပိုလျှံသည့် ဆိုလာဓာတ်အားများကိုလည်း ဘုရားကြီးရှိရေစဉ်(၂)စင်ကိုလည်း (၂၄)နာရီအသုံးပြုနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ရာဇမဏိစူဠာကောင်းမှုတော်ဘုရားကြီးတွင် ယခင်က လျှပ်စစ်ဓာတ်အားဖြင့်သုံးစွဲရာ လျှပ်စစ်မီတာခကျသင့်ငွေ တစ်လလျှင်ကျပ်သိန်း(၃၀)နှင့်အထက်မှာရှိပြီး ယခုဆိုလာစနစ်ဖြင့် ပြောင်းလဲသုံးစွဲခဲ့ခြင်းကြောင့် ကျပ်(၁၀)သိန်းခန့်သာ ကုန်ကျသည့်အတွက် တစ်လလျှင်ကျပ်သိန်း(၂၀)ခန့် လျော့နည်းသက်သာခဲ့ကြောင်း၊ ကျွမ်းကျင်ပညာရှင်များဖြင့် ဆိုလာစနစ်တပ်ဆင်ရာတွင် ၂၀၂၄-ခုနှစ်၊ ဧပြီလ(၆)ရက်မှစတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ရာ ဧပြီလ(၁၂)ရက်နေ့တွင် တပ်ဆင်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး၍ ဧပြီ(၁၃)ရက်နေ့မှစတင်ကာ ဆိုလာစနစ်ဖြင့်ဘုရားကြီးအား (၂၄)နာရီ လျှပ်စစ်မီးပူဇော်ထားရှိကြောင်းနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများကို လည်း စိတ်အေးချမ်းစွာ ဘုရားဖူးမြှော်နိုင်အောင် မောတော်ယာဉ်များ၊ သုံးဘီးများ၊ ဆိုင်ကယ်များကို လည်း စနစ်တကျထားရှိစေပြီး ကျန်းမာရေးအတွက် အသုံးပြုရာတွင်လည်း သန့်ရှင်းစင်ကြယ်စွာ အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ထားရှိကြောင်း ကောင်းမှုတော်ဘုရား ဂေါပကဥက္ကဋ္ဌ ဦးနီတင်ထံမှ သိရသည်။

ဇော်မြင့်နိုင်