ကျောင်းကုန်းမြို့၌ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ် အခမ်းအနား (၂၀၂၄)ကျင်းပ

ကျောင်းကုန်း  မေ  ၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ ဒေါ်သန်းတင်ခန်းမ၌ "ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ်အခမ်းအနား(၂၀၂၄)ကို ယမန်နေ့နေ့လယ် ၃ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင် က ကိုယ်ဝန်ဆောင်ချိန်မှ မီးဖွားချိန်၊ မီးတွင်းကာလအတွင်း ဆောင်ရန်ရှောင်ရန်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှအသက်(၂)နှစ်အထိ ကလေးများအား ကာကွယ်ဆေးများဆေးထိုးစုရပ်အလိုက် ထိုးနှံပေးနေမှုများနှင့်ကာကွယ်ဆေး၏တန်ဘိုး၊ အကျိုးကျေးဇူးများအား အသိပညာပေးဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်မြင့် က တီဘီရောဂါအကြောင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်ခင်နေနွယ်စံက ကြက်ညှာချောင်းဆိုးအကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့ပြီး၊ သားဖွားဆရာမ ဒေါ်ဇင်မျိုးထိုက် ကပြင်းထန်အဆုတ်ရောင် ရောဂါအကြောင်းတို့ ဆွေးနွေးပြောကြားခဲ့ ကြသည်။

"ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အခမ်းအနား(၂၀၂၄)၏ဆောင် ပုဒ်မှာ "ကလေးများအနာဂတ်လှပဖို့ လူတိုင်းပါဝင်ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့် အသက်ကယ်စို့" ဖြစ်ပြီး၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ်အခမ်းအ နား (၂၀၂၄) လှုပ်ရှားဆောင်ရွက်မှု Video Clip အား ပြသခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက အသက် (၆)လမှ (၁၁)လအထိ ကလေးများ၊ အသက်(၁)နှစ်မှ(၅)နှစ်အထိ ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များ လိုအပ်သည့်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး၊ အာဟာရအတွက်  ကြက်ဥများပေးခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)