ပခုက္ကူမြို့၌ အပူရှောင်စခန်း ဖွင့်လှစ်နိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

ပခုက္ကူ မေ ၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ အပူရှောင် စခန်းအောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အုပ်ချုပ်ရေးရုံးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပခုက္ကူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက မြို့နယ်အတွင်းရှိ ပြည်သူများအား အပူဒဏ်အန္တရာယ်မှ ကာကွယ်ပေးနိုင်ရေးအပူရှောင်စခန်း  တည်ဆောက်ရေး၊ ရန်ပုံငွေရှာဖွေရေး၊ ဧည့်ခံကျွေးမွေးရေး၊ အသိပညာပေးရေး၊ ကျန်းမာရေးစောင့်ရှောက်မှု‌ပေးနိုင်ရေး၊ အပူရှောင်ပြည်သူများအား အကြိုအပို့‌ဆောင်ရွက်ပေးနိုင်ရေးလုပ်ငန်းများ ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကော်မတီဖွဲ့စည်းထားမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာ ဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်လူမှု ကူညီရေးအသင်းတာဝန်ရှိသူများက အပူရှောင် စခန်းအောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)