မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်ပြီးဖြစ်၍ ကုန်သွယ်မှု ဆိုင်ရာလုပ်ငန်းများ ပုံမှန်လည်ပတ်

မြဝတီ မေ ၁

ကရင်ပြည်နယ်၊  မြဝတီခရိုင်၊  မြဝတီမြို့  မြန်မာ-ထိုင်း အမှတ် ၂  ချစ်ကြည်ရေးတံတားအား ယမန်နေ့ နံနက် ၈ နာရီခွဲက ပြန်လည်ဖွင့်လှစ်ခဲ့ပြီးဖြစ်၍ ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းများ ပုံမှန်လည်ပတ်နေပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ   မြန်မာ-ထိုင်း အမှတ် ၂ ချစ်ကြည်ရေးတံတားအား   ဧပြီ (၂၀) ရက်နေ့    ဖြစ်စဉ်များအရ ကုန်သွယ်မှုဆိုင်ရာ ကုန်တင်ယာဉ်များ ဝင်ထွက်သွားလာခွင့်   ယာယီရပ်ဆိုင်းထားခဲ့ရပြီး  ယနေ့ နံနက်ပိုင်းက တံတား အမှတ် (၂) တွင် လုပ်ကိုင်ဆောင်ရွက်နေသည့်  ထိုင်းနိုင်ငံနှင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နေပြီဖြစ်၍ မြဝတီကုန်သွယ်ရေးဇုံ  OSS တွင် အကောက်ခွန်ဆိုင်ရာ ကုန်ပစ္စည်းတင်သွင်း၊ တင်ပို့မှုလုပ်ငန်းစဥ်များအား  MANUAL   စနစ်ဖြင့် ဆောင်ရွက်ခြင်းများကို ယနေ့နံနက် ၉ နာရီခွဲက  စတင်ဆောင်ရွက်သည်။

မြန်မာနိုင်ငံ၏  ကုန်စည်စီးဆင်းရာ  ဝင်ပေါက်တစ်ခုဖြစ်သည့်  မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေး  တံတားတွင် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများအား ပုံမှန်လည်ပတ်နေပြီး ဖြစ်သော်လည်း MOU စနစ်ဖြင့်တစ်ဖက် နိုင်ငံသို့သွားရောက်လုပ်ကိုင်နေသည့် လုပ်သားများအားပြန်လည်၍ ကြိုဆိုနေရာချထားရေးလုပ်ငန်းများအား  ပြန်လည်ဆောင်ရွက်နိုင်ရန်  တင်ပြထားပြီးဖြစ်ကြောင်း  တာဝန်ရှိသူကပြောသည်။

မြန်မာ-ထိုင်း  အမှတ် (၂) ချစ်ကြည်ရေး တံတားမှ ၂၀၂၃-၂၀၂၄   ဘဏ္ဍာရေးနှစ်အတွင်း  နိုင်ငံတော်အတွက် အခွန်ဝင်ငွေအားဖြင့် မြန်မာငွေကျပ်သန်း (၄၁၄၆၅.၆၉၉)၊ အခြားအခွန်ရငွေ ကျပ်သန်း (၄၄၈၅.၂၆၅)၊ စုစုပေါင်း အခွန်ငွေကျပ်သန်း  (၄၅၉၅၀.၉၆၄) တိတိ  ရှာဖွေပေးနိုင်ကြောင်းနှင့်  ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများအား ယခင်နှစ်ထက် ပိုမိုဆောင်ရွက်သွားနိုင်ရန်  မျှော်မှန်းထားကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)