ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထုတ်ချေးမှုများ နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ဟားခါး         မေ      ၁

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေထုတ်ချေးမှုများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဧပြီလ ၃၀ ရက် မွန်းလွဲ ၁ နာရီခွဲက  ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ တက်ရောက်ကြသည်။ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က နိုင်ငံတော်မှ ချင်းပြည်နယ်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုစေရန် ထုတ်ချေး ပေးလိုက်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ပြည်သူလူထုထံသို့ ထုတ်ချေးပေးနိုင်မှုအခြေအနေကို စိစစ်ကြည့်ရာတွင် ထုတ်ချေး ပေးနိုင်မှု အားနည်းနေသေးသည်ကို တွေ့ရှိရပါကြောင်း ၊ဖွဲ့စည်းထားသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲရေး ကော်မတီများ၏ ချေးငွေထုတ်ချေးပေးနိုင်မှု အခြေအနေ၊ တွေ့ကြုံနေရသည့်အခက်အခဲနှင့် လက်တွေ့ကျသည့်အကြံပြုချက်များကို အစည်းအဝေးတက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြပေး စေလိုကြောင်းဖြင့်အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထုတ်ချေးပေးနိုင်မှုအားနည်းရခြင်းမှာ ချေးငွေထုတ်ချေးပေးရာတွင် လိုအပ်သည့် မြေဂရန်နှင့် ပုံစံ (၇) ကဲ့သို့သော အာမခံပစ္စည်း၊ အထောက်အထားအခက်အခဲဖြစ်နေခြင်းသည် အရေးကြီးဆုံးအချက်ဖြစ် ကြောင်း ဆွေးနွေးတင်ပြသည်။

ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများကမိမိတို့ ဌာနအလိုက်နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထုတ်ချေးပေးနိုင်မှုအခြေအနေ၊ တွေ့ကြုံနေရသည့် အခက်အခဲနှင့် ဆက်လက်ဆောင်ရွက်ရမည့် အစီအမံများကို အသေးစိတ်ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအောင်ချိုတို့က အကြုံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်မှာစကားပြောကြားခဲ့ကြောင်း သိရသည်။

မောင်တက်လမ်း