ဘိုကလေးမြို့နယ်တွင် သုံးမွှားပူးမွေးဖွားသဖြင့် ထောက်ပံ့မှုများဆောင်ရွက်

ဘိုကလေး မေ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မဂူကျေးရွာအုပ်စု၊ ပေချောင်းလေးကျေးရွာမှ ကိုယ်ဝန်ဆောင် အသက်(၂၆)နှစ်အရွယ် မဇာခြည်ထွေးသည် ဘိုကလေးမြို့နယ် ကုတင်(၁၀၀)ပြည်သူ့ဆေးရုံ၌ သုံးမွှာပူးမွေးဖွားခဲ့သဖြင့် ယမန်နေ့ ညနေ(၄)နာရီအချိန်၌ ၎င်းမွေးဖွားရာ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံ၌ ထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ကြသည်။

ထောက်ပံ့ရာတွင် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံဝင်း၊ မြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ သွားရောက်၍ သုံးမွှာပူးမွေးဖွားသည့် မိခင်နှင့်ကလေးများအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၏ ထောက်ပံ့ငွေ(၃)သိန်းကျပ်၊ ဖျာပုံခရိုင်နှင့် ဘိုကလေးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့၏ ထောက်ပံ့ငွေ(၂)သိန်းကျပ်၊ ဘိုကလေးမြို့နယ်မှ စေတနာပြုလှူဒါန်းသူ(၂)ဦး၏ လှူဒါန်းငွေ(၂)သိန်းကျပ်၊ စုစုပေါင်း ငွေသား (၇)သိန်းကျပ်အပြင် မိခင်နှင့် ကလေးများအတွက် အသုံးအဆောင် ပစ္စည်းများ၊ မိခင်အတွက် အာဟာရစားသောက်ဖွယ်ရာများ အား မိခင် ဒေါ်ဇာခြည်ထွေး၏ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်းနှင့် အဆိုပါ ကလေး(၃)မွှာပူးအား ဧပြီ(၂၈)ရက်နေ့၌ ခွဲစိတ်၍ မွေးဖွားခဲ့ခြင်းဖြစ်ပြီး ယခုအခြေအနေတွင် မိခင်၏ ကျန်းမာရေးကောင်းမွန်သော်လည်း ကလေးငယ်များ ကိုယ်အလေးချိန် နည်းလွန်းသဖြင့် ကုတင်(၁၀၀)ပြည်သူ့ဆေးရုံတာဝန်ရှိသူများက ကလေးငယ်များ ကျန်းမာရေးအတွက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)