ယာယီနေရပ်စွန့်ခွာပြည်သူများ ကော့ကရိတ်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ လိုအပ်သည့် ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ဘားအံ မေ ၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်းသို့ သောင်းကျန်းသူများ ဝင်ရောက်နေထိုင်ပြီး တိုက်ပွဲဖော်ဆောင်ခဲ့သည့်အတွက် တပ်မတော်မှ ကော့ကရိတ်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့ရပြီး ယခုအခါ ယာယီနေရပ်စွန့်ခွာပြည်သူများ ကော့ကရိတ်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများက လိုအပ်သည့်ကူညီစောင့်ရှောက်မှုများ ကွင်းဆင်းကြည့်ရှုဆောင်ရွက်ပေးခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့ကရိတ်(တံတားကျိုး)စုပေါင်းစစ်ဆေးရေးစခန်း၌ ယာယီပြောင်းရွှေ့နေထိုင်သည့် နေရာများမှ ကော့ကရိတ်မြို့အတွင်း ပြန်လည်ဝင်ရောက် နေထိုင်ကြမည့် နေရပ်ပြန်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေါနခန်းမ၌ နေရပ်ပြန်ပြည်သူများနှင့်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က ကော့ကရိတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီးဖြစ်သည့်အတွက် ၅ လကြာ ယာယီပြောင်းရွေ့နေထိုင်ကြသည့် ဒေသခံပြည်သူများ မိမိနေရပ်သို့ပြန်လည် နေထိုင်နိုင်ပြီဖြစ်ကြောင်း၊ ယာယီပြောင်းရွှေ့နေထိုင်ကြရသည့်ကာလတွင်လည်း စားသောက်နေထိုင်ရေး အဆင်ပြေစေရန် ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးခဲ့ပြီး ပြန်လည်ဝင်ရောက် နေထိုင်ကြသည့် အိမ်ထောင်စုများကိုလည်း ဆက်လက် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပျက်စီးဆုံးရှုံးမှုစာရင်းများကို လိုက်လံကောက်ယူလျက်ရှိပြီး ဆုံးရှုံးမှုအနည်းအများအလိုက် ကူညီထောက်ပံ့ပေးနိုင်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြည်နယ်အဆင့် ပြန်လည်ထူထောင်ရေးကော်မတီကို ဖွဲ့စည်းပေးထားပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က ကော့ကရိတ်မြို့အတွင်း ပျက်စီးဆုံးရှုံးမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ကော့ကရိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝေက ကော့ကရိတ်မြို့အတွင်း အိမ်ထောင်စုများ ပြန်လည်ပြောင်းရွှေ့ နေထိုင်ကြသည့် အခြေအနေများကို ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကော့ကရိတ်မြို့တွင်း ပြန်လည်နေထိုင်ကြသည့် အိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၉၀၀၀၆၀ဝိ/-၊ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးတို့ကို ထောက်ပံ့ပေးအပ်ရာ အိမ်ထောင်စုများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည့် ကော့ကရိတ်မြို့တွင်း ပြန်လည်နေထိုင်ကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့ကရိတ်မြို့ တောင်ပေါ်ကျောင်းဆရာတော် ဘဒ္ဒန္တသီရိ ဓမ္မအား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသတွင်းပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်အစီအစဉ်များကို လျှောက်ထားတင်ပြကာ ဆန်၊ ဆီအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့ကရိတ်မြို့အတွင်းဝင်ရောက် နေထိုင်ပြီး တိုက်ပွဲဖော်ဆောင်မှုကြောင့် ထိခိုက်ပျက်စီးသွားသော ကော့ကရိတ်မြို့ ပြည်သူ့ဆေးရုံ၊ မီးလောင်ပျက်စီးဆုံးရှုံးသွားသော လူနေအိမ် အဆောက်အဦများ၊ ဈေးဆိုင်ခန်းများ၊ ဘာသာရေး အဆောက်အဦများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး နေရပ်ပြန်လည်နေထိုင်ကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး၍ အပျက်အစီးများအား လိုက်လံရှင်းလင်းပေး နေသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များအား တွေ့ဆုံအားပေးကာ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နဘူးတိုက်နယ်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူ နေသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်လာမှု အခြေအနေများကို မေးမြန်းအားပေးကာ အာရဖြည့်စွက်အစားအစာများ ထောက်ပံ့ပေးအပ်ကြပြီး အဆိုပါ တိုက်နယ်ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်းများနှင့် အထွေထွေအသုံးစရိတ် ငွေကျပ် (၃) သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ် (တံတားကျိုး)လမ်းပေါ်ရှိ ကော့ပေါ်အင်းတံတားချဉ်းကပ်လမ်း သဘာဝဘေးဒဏ်ကြောင့် ပျက်စီးယိုယွင်းနေမှုအခြေအနေ၊ အရှည် ၅၀ ပေ အကျယ် ၃၀ ပေရှိ တံတားအမှတ် ၆/၄၄ သံကူကွန်ကရစ်တံတား တည်ဆောက်ရေးလုပ်ငန်း ၉၅ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးမှု အခြေအနေ၊ အရှည်ပေ ၉၀၊ အကျယ် ၃၀ပေရှိ တံတားအမှတ် ၃/၄၇ သံကူကွန်ကရစ်တံတား အမျိုးအစား ၇၀ ရာခိုင်နှုန်းကျော် တည်ဆောက်ပြီးစီးမှု အခြေအနေ၊ အရှည် ၈၀ ပေ အကျယ် ၃၀ ပေရှိ တံတား အမှတ် ၁/၅၄ တည်ဆောက်ရေးလုပ်ငန်းနှင့် အဆိုပါလမ်း ၈၆ ဒဿမ ၅ ကီလိုမီတာမှ ၈၇ ကီလိုမီတာ လမ်းပိုင်းကို ၁၈ ပေ အကျယ်ကတ္တရာလမ်းသစ်ဖောက်လုပ်ခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး  ဦးအောင်ညို၊ တံတားအထူးအဖွဲ့ ၁၄ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင် ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)