သဲကုန်း မေ ၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနရုံး မြို့မပျိုးဥယျာဥ်တွင် ဒေသတွင်းစိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရန်အတွက် ပျိုးပင်ပေါင်း(၂၅၀၀၀) ဖြန့်ဝေစိုက်ပျိုးရန် ပျိုးထောင်ထားရှိကြောင်းသိရသည်။
သဲကုန်းမြို့နယ် သစ်တောဦးစီးဌာနရုံးရှိ မြို့မပျိုးဥယျာဉ်တွင်ရာသီ ဥတုအပူဒဏ် ကာကွယ်နိုင်ရန်၊ ဒေသတွင်းစိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင် တိုးတက်ကောင်းမွန်လာစေရေးအတွက် လာမည့်မိုးဦးရာသီတွင် သစ်ပင်များစိုပျိုးရန်၊ လူထုဖြန့်ဝေရန် ကျွန်း (၉၅၀၀)၊ ကံ့ကော်(၁၀၀)၊ ပိတောက် (၁၀၀)၊ စိန်ပန်းကြီး(၁၀၀)၊ ငုရွှေဝါ(၁၀၀)၊ ရေတမာ(၁၂၀)၊ ဗာဒံ(၁၀၀)၊ ပျဉ်းကတိုး(၁၀၀)၊ မန်ဂျန်ရှား(၁၂၀၀၀)၊ ယူကလစ်(၁၇၀၀) စုစုပေါင်းပျိုးပင်(၂၅၀၀၀) ပျိုးထောင်ထားပြီး၊ သီးခြားပျိုးပင်များ ဖြစ်သော တမာ (၃၉၅၀၀)၊ အင်ပင် (၄၃၀၀)၊ မန်ကျည်း (၂၀၀၀) စုစုပေါင်းပျိူးပင် (၄၅၈၀၀)နှင့် သီးပင်စားပင်များဖြစ်သော ပေါက်ပန်းဖြူ၊ ပေါက်ပန်းနီ၊ ပိန္နဲ၊ သရက်၊ ကြောင်လျှာ၊ သခွတ်၊ ဒန့်သလွန် စုစုပေါင်း (၇၀၀၀)ပျိုးထောင်ဆောင်ရွက်ပြီး ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
အဆိုပါ ပျိုးထောင်ထားရှိသော ပျိုးပင်(၂၅၀၀၀)အနက်မှ သဲကုန်း-ပုတီးကုန်း ကားလမ်း မိုင်တိုင်အမှတ်(၇/၂) အကွက်တွင် သစ်ပင်စိုက်ပွဲတော်အတွက် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မန်ဂျန်ရှား၊ ဗာဒံ၊ ငုရွှေဝါ စုစုပေါင်း(၁၅၀)ပင် လျာထား ကြောင်းနှင့် (အ.မက) ဥသျှစ်ကုန်း ကျောင်းဝန်းတွင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မန်ဂျန်ရှား၊ ဗာဒံ၊ ငုရွှေဝါ စုစုပေါင်း (၃၆၀)ပင် စိုက်ပျိုးသွားနှင့်ကျန်ပျိုးပင်များကို ဌာနဆိုင်ရာများ၊ စာသင်ကျောင်းများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ဒေသခံပြည်သူများသို့ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနရုံးမှ သိရသည်။
ကိုကျော် (ပြန်/ဆက်)