ဧကာဒမတန်း လူရည်ချွန်မောင်မယ်များ ငွေဆောင်မြို့ အနီးပတ်ဝန်းကျင်နှင့် ချောင်းသာ၊ ရွှေသောင်ယံမြို့များသို့ လေ့လာရေးခရီးသွားရောက်

ငွေဆောင် မေ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့သို့ အပန်း​ဖြေလေ့လာရေးခရီး ရောက်ရှိနေကြသော ဧကာဒသမတန်း လူရည်ချွန်မောင်မယ်များသည် ယမန်နေ့ နံနက်ပိုင်းက ငွေဆောင်မြို့ အနီးပတ်ဝန်းကျင်ဒေသများနှင့် ချောင်းသာ၊ ရွှေသောင်ယံမြို့များသို့ လေ့လာရေးခရီးစဥ် သွားရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဧကာဒသမတန်း လူရည်ချွန်မောင်မယ်များသည် ယုဇနပုစွန်မွေးမြူရေးလုပ်ငန်းသို့ သွားရောက်ကာ ပုစွန်မွေးမြူရေးလုပ်ငန်းစဥ်များ၊ ပုစွန်​မွေးမြူရာတွင် အသုံးပြုရသော စက်ကိရိယာများနှင့် ဓာတုဗေဒပစ္စည်းများအကြောင်း လေ့လာခဲ့ကြရာ တာဝန်ရှိသူများက ရှင်းပြပေးခဲ့ကြောင်း သိရသည်။

ထို့နောက် လူရည်ချွန်မောင်မယ်များသည် ငွေဆောင်ဆင်စခန်းသို့ သွားရောက်လေ့လာခဲ့ကြရာ ဆင်စခန်းတာဝန်ရှိသူများက ဆင်များ၏ သဘာဝနှင့် လေ့ကျင့်ပျိုးထောင်ပေး ခဲ့ပုံများကို ရှင်းပြခဲ့ပြီး ဆင်များ၏ ကျွမ်းကျင်လိမ္မာမှုများကို ပြသခဲ့ရာ လူရည်ချွန် မောင်မယ်လေးများမှ အားပါးတရ ကြည့်ရှုအားပေးခဲ့ကြပြီး ဆင်စာကျွေးကာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍   လူရည်ချွန်မောင်မယ်များသည် ရွှေသောင်ယံမြို့၊ Sea & Lake ဟိုတယ်သို့ သွားရောက်ကာ ဒီရေတော သဘာဝပတ်ဝန်းကျင်၊ ကျောက်စိမ်းပြတိုက်နှင့် သစ်သားပန်းပုပြ တိုက်များကို လေ့လာကြကာ Sea & Lake ဟိုတယ်၏ ရှုခင်းအလှအပများနှင့် အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ထို့နောက် လူရည်ချွန်စခန်း (ချောင်းသာ) Azura Hotel သို့ သွားရောက်ကာ နေ့လည်စာသုံးဆောင်ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍  ချောင်းသာ စျေးတန်းတွင် အမှတ်တရအပြန် လက်ဆောင်ပစ္စည်းများ ဝယ်ယူကာ ငွေဆောင်မြို့သို့ ပြန်လည်ထွက်ခွာခဲ့ကြ​ကြောင်း သတင်းရသည်။

တိုင်းဒေသကြီး( ပြန် / ဆက်)