တနင်္သာရီ မေ ၁
၂၀၂၄ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တနင်္သာရီမြို့နယ် အမျိုးသမီးပိုက်ကျော်ခြင်းအဖွဲ့က (၃) ယောက်တွဲနှင့် (၂) ယောက်တွဲ ပြိုင်ပွဲ (၂) ခုစလုံးတွင် (ပထမ)တံခွန်စိုက်ဆုဖလားကို ဆွတ်ခူးရရှိခဲ့သဖြင့်၊ ၎င်းတံခွန်စိုက်ဖလား (၂) လုံးကို မြို့နယ်အုပ်ချုပ်ရေးမှူးထံ အပ်နှံခြင်းနှင့် ဂုဏ်ပြုခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အား/ကာကော်မတီဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆုရပိုက်ကျော်ခြင်းပြိုင်ပွဲအဖွဲ့မှ နည်းပြနှင့် အားကစားမယ်များ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ပထမဦးစွာ မြို့နယ်အား/ကာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော် သက်ထူးက အောင်ပွဲရအားကစားအဖွဲ့အား ဂုဏ်ပြုအမှာစကားပြောကြားပေးပြီး အဆိုပါ ပိုက်ကျော်ခြင်း ပြိုင်ပွဲတစ်လျှောက် ပြိုင်ပွဲအတွေ့အကြုံများကို အားကစားမယ် မနဒီဝင်းက ရှင်းလင်းပြောကြားပေးသည်။
ဆက်လက်၍ အမျိုးသမီးပိုက်ကျော်ခြင်း (၃) ယောက်တွဲပြိုင်ပွဲမှ (ပထမ)တံခွန်စိုက် ဆုဖလားကို နည်းပြ ဦးထွန်းလင်းအောင်က အပ်နှံပေးရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြတ်စုဝင်းတို့ကလည်းကောင်း ထို့တူ (၂) ယောက်တွဲပြိုင်ပွဲမှ (ပထမ)တံခွန်စိုက် ဆုဖလားကို မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ကွင်းကြီးကြပ် ဦးကျော်သူအောင်ကအပ်နှံပေးရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင်နှင့် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးဇင်မင်းလတ်တို့က လည်းကောင်း လက်ခံရယူကြကြောင်း သိရသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးက အောင်ပွဲရ အမျိုးသမီးပိုက်ကျော်ခြင်း အဖွဲ့အား ဂုဏ်ပြုငွေ (၂) သိန်းကျပ်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြတ်စုဝင်းက (၅၀၀၀၀) ကျပ်ကို ဂုဏ်ပြု ချီးမြှင့်ပေးအပ်ပေးကြကြောင်း သိရသည်။ ထို့နောက် မြို့နယ်ကိုယ်စားပြုပိုက်ကျော်ခြင်း ပြိုင်ပွဲဝင် အားကစားမယ် မပန်းရိပ်က ကျေးဇူးတင်စကားပြောကြားပြီး စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကြကာ အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲကို အရည်အချင်းပြည့်ဝသော တိုင်းဒေသကြီး (ကိုယ်စားပြု) လက်ရွေးစင် အားကစားသမားများ စီစစ်ရွေးထုတ်နိုင်ရန်ရည်ရွယ်ပြီး ဧပြီလ (၂၂ ရက်မှ ၂၆ ရက်နေ့) အထိ ထားဝယ်မြို့- ဖူဆယ်အားကစားခန်းမအတွင်း အမျိုးသား (၈) သင်းနှင့် အမျိုးသမီး (၅) သင်းတို့ ယှည်ပြိုင်ကစားခဲ့ကြရာ- တနင်္သာရီမြို့နယ်မှ မဝင်းမို့မို့ခိုင်၊ မနဒီဝင်း၊ မပန်းရိပ်နှင့် မယုဇနထွေး တို့ပါသော အမျိုးသမီးပိုက်ကျော် ခြင်းအားကစားမယ်အဖွဲ့က (၃) ယောက်တွဲနှင့် (၂) ယောက်တွဲပြိုင်ပွဲ (၂) ခုစလုံးတွင် (ပထမ) တံခွန်စိုက် ဆုဖလား (၂) ခုစလုံးကို ဆွတ်ခူးရရှိခဲ့ခြင်းနှင့်အတူ (၂၂-၅-၂၀၂၄) ရက်နေ့ နေပြည်တော်မှာ ကျင်းပပြုလုပ်မည့် ပြည်နယ်/တိုင်းဒေသကြီးအဆင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ ဆက်လက်ယှဉ်ပြိုင်ရန် အမျိုးသမီးလက်ရွေးစင် (၂) ဦးကို ထပ်မံရွေးချယ်ခံရပါသဖြင့် ယခုကဲ့သို့ ဂုဏ်ပြုကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)