လူရည်ချွန်စခန်း(ချောင်းသာ)မှ တာဝန်ရှိသူများ၊ လူရည်ချွန်ကြီးများနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒွါဒသမတန်း လူရည်ချွန်မောင်မယ်များ၏ ရင်တွင်းစကားသံများ

ချောင်းသာ ဧပြီ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ လူရည်ချွန်စခန်း(ချောင်းသာ)တွင် မြန်မာတစ်နိုင်ငံလုံးမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒွါဒသမတန်း လူရည်ချွန်မောင်မယ်(၁၃၇)ဦးနှင့် ကြီးကြပ်ဆရာ၊ ဆရာမများသည် ဧပြီလ(၂၇)ရက်နေ့မှ မေလ(၁)ရက်နေ့အထိ ယာယီစခန်းချ၍ လူရည်ချွန်‌ဟောင်းကြီးများနှင့် ရင်းနှီးနွေးထွေးစွာတွေ့ဆုံခြင်း၊ ဒေသန္တရဗဟုသုတများလေ့လာခြင်း၊ ကမ်းခြေတွင်အပမ်းဖြေခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ     လူရည်ချွန်စခန်းတွင် ရောက်ရှိနေသည့် လူရည်ချွန်စခန်း(ချောင်းသာ)မှ တာဝန်ရှိသူများ၊ လူရည်ချွန်ကြီးများနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒွါဒသမတန်းလူရည်ချွန်မောင်မယ်များ၏ ရင်တွင်းစကားသံများအား ပြည်သူများသိရှိနိုင်ရန်အတွက် ဖော်ပြအပ်ပါသည်။

ဦးခင်မောင်ကြည်၊ လူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့

ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီးမှာ လူရည်ချွန်စခန်းက (၂)ခုဖွင့်ပါတယ်၊ ငွေဆောင်လူရည်ချွန် အပန်းဖြေစခန်းနဲ့ ချောင်းသာလူရည်ချွန် အပန်းဖြေစခန်းဖြစ်ပါတယ်။ ငွေဆောင်၊ ချောင်းသာဆို တာကတော့ ကျွန်တော်တို့ မြန်မာတင်မကပါဘူး ကမ္ဘာပေါ်မှာလည်းသိပြီးသားဖြစ်ပါတယ် ကျွန်တော်တို့ ဧရာဝတီတိုင်း‌ဒေသကြီးရဲ့ ပင်လယ်ကမ်းစပ်အပန်းဖြေစခန်းတွေဖြစ်ပါတယ်၊  စခန်းဖွင့် လှစ်မယ့်နေ့တွေက (၂၇)ရက်နေ့ လူရည်ချွန်မောင်မယ်တွေ ရောက်လာတယ်၊ (၃၀)ရက်နေ့ထိက ဒီမှာနေထိုင်ပြီးတော့မှ အပန်းပြေဖြေကြမှာဖြစ်ပါတယ်၊ သူတို့သွားရောက်ပြီးတော့မှ လေ့လာစရာ ရှိတဲ့နေရာတွေကို လေ့လာကြမှာဖြစ်ပါတယ်၊ မေလ(၁)ရက်နေ့မှာတော့ ငွေဆောင်၊ ချောင်းသာ စခန်း(၂)ခု ကနေပြီးတော့မှ ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။ စခန်းချနေထိုင်တဲ့ရက်တွေမှာ ချောင်းသာစခန်း၊ ငွေဆောင်စခန်း အပြန်အလှန်လေ့လာခြင်းတွေ လုပ်တာရှိပါတယ်၊ ချောင်းသာမှာ ရှိတာဆိုရင် မီးခိုးမထွက်‌သောစီးပွားရေး လုပ်ငန်းမီးခိုးမထွက်‌သောစက်ရုံများရှိပါတယ်၊ ဒါတွေကတော့ ဟိုတယ်တွေကို ရည်ညွှန်းတာဖြစ်ပါတယ် ကျွန်တော်တို့ဟိုတယ်လုပ်ငန်းတွေကို လေ့လာမှာဖြစ်ပါတယ်၊ အဲ့ဒီအပြင် ဟိုဘက်နဲ့ ဒီဘက်ကို အလဲအလယ် လေ့လာတာတွေပါရှိတယ်၊ ကျွန်တော်တို့က ငွေဆောင်မှာရှိတဲ့ ဆင်စခန်း ပုဇွန်မွေးမြူရေးကန်တွေကို လေ့လာမှာဖြစ်ပါတယ် ပုသိမ်မှာရှိတဲ့ ပုသိမ်ထီးလုပ်ငန်း၊ ဟာလဝါလုပ်ငန်းတွေကို လေ့လာမှာဖြစ်ပါတယ်၊ အဲ့အပြင် ပန်းတနော်မှာရှိတဲ့ ပုဇွန်၊ ငါးလုပ်ငန်းမွေးမြူရေးလုပ်ငန်း Export ထုတ်တာရှိပါတယ် အဲ့လုပ်ငန်း တွေကို ကျွန်တော်တို့လေ့လာသွားမှာပဲ ဖြစ်ပါတယ် အဓိကတော့ကျွန်တော်တို့ လူရည်ချွန်မောင် မယ်တွေလာလို့ရှိရင် အစားအသောက်နေထိုင်ရေးအတွက်ကို ပထမဦးဆုံး ကျွန်တော်တို့ ကျန်းမာရေး အဖွဲ့ကို စေလွှတ်လိုက်တယ်၊ သူတို့ကို အဆင့်မြင့်မြင့်နဲ့ သက်တောင့်သက်သာ တည်းခိုနေထိုင်ပြီး အပန်းဖြေနိုင်ဖို့ ဟိုတယ်တွေမှာထားတယ်၊ ပထမဦးဆုံးကလေးတွေမရောက်ခင်တည်းက ဟိုတယ်ကို ကျန်းမာရေးအဖွဲ့ တွေနဲ့လာရောက်ပြီး ဆေးဖြန်းတာတွေလုပ်တယ်၊ ပြီးတော့ ဟိုတယ်တွေမှာကျွေး မွေးလုပ်ကိုင်မဲ့ ဟိုတယ်ဝန်ထမ်းတွေကို ကျန်းမာရေးစစ်ဆေးမှုတွေဆောင်ရွက်တယ်။ ဆောင်ရွက်ပြီး တော့မှ စိတ်ချရတဲ့ဝန်ထမ်းတွေကိုပဲ အသုံးပြုတာဖြစ်ပါတယ်၊ အဲ့ဒါအပြင် ကလေးတွေ ရောက်လာတဲ့အခါမှာလည်း လမ်းတစ်လျောက်မှာ မူးဝေတာတို့ အော့အန်တာတို့မဖြစ်ရအောင် ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ Ambulance ယဉ်တွေနဲ့တွဲဖက်ပြီးတော့မှ ကျန်းမာရေးဝန်ထမ်း တွေကိုတွဲဖက်ထားတယ်၊ ဟိုတယ်ရောက်တဲ့အခါမှာလည်း ဆေးခန်းတွေဖွင့်လှစ်ထားတယ်၊ ဟိုတယ်ကဆေးခန်းမှာဆိုရင်လည်း ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ဝိုင်းဝန်း ဆောင်ရွက်ပြီးနေ့ညမရွေး ဖွင့်လှစ်ထားတယ် ဘယ်အချိန်ပဲဖြစ်ဖြစ် Emergency ပဲဖြစ်ဖြစ် ရိုးရိုး First Aid ပဲဖြစ်ဖြစ် ကုနိုင်အောင် ကျွန်တော်တို့ ဆရာဝန်တွေနဲ့ဦးစီးပြီးတော့မှ  (၂၄)ဖွင့်လှစ်ထားပါတယ်။ ဒီကြားထဲမှာလည်း နေ့စဉ်ဒီကလေးတွေရဲ့ ကျွေးမွေးမှု နဲ့ပတ်သက်ပြီးတော့မှ Foodtest အမြဲတမ်းလုပ်ပါတယ်၊ စမ်းသပ်စစ်ဆေးပြီး စိတ်ချရပြီဆိုမှ ကျွေးတာဖြစ်ပါတယ်၊ ဝိုင်းဝန်းပံ့ပိုးတာဆိုရင် မြင်တဲ့အတိုင်းပါပဲ လမ်းခရီးတစ်လျောက်မှာ ကျွန်တော်တို့ရဲ့ပြည်သူလူထုတွေက သောင်းသောင်းဖြဖြ ကြိုဆိုပါတယ်။ သက်ဆိုင်ရာတည်းခိုမဲ့နေရာရောက်ပြီးဆိုလည်း ဝိုင်းဝန်းပြီးကြိုဆိုတယ် အဲ့လိုဝိုင်းဝန်းပြီး ဒီကလေးတွေအပေါ်မှာ သောင်းသောင်းဖြဖြ စိတ်ရောကိုယ်ရော နှစ်ပြီးတော့ ဒီတည်းခိုတဲ့ အခါမှာလည်း လိုလေသေးမရှိအောင် ဝိုင်းဝန်းပံ့ပိုးတဲ့အတွက် မြို့ဌာနဆိုင်ရာတွေရော၊ ဟိုတယ်တာ ဝန်ရှိသူတွေ။ ဝန်ထမ်းတွေရောကို ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။ ဒီကလေးတွေက Grade-12 ဆိုတာကတော့ အခြေခံပညာမှာ အမြင့်ဆုံးအတန်းဖြစ်နေတာပေါ့နော်၊ ဒီကလေးတွေက ဒီအဆင့်မှာတင် ရပ်တန့်မနေဘဲနဲ့ ဒီထက်ဒီထက်ပိုကြိုးစားပါ အဲ့လိုကြိုးစားတဲ့အခါမှာလည်း ကျွန်တော်တို့ရဲ့နိုင်ငံတော်ကြီးအတွက်ကို အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေနဲ့ ကျွန်တော်တို့နိုင်ငံကို ကမ္ဘာ့အလယ်မှာရင်ဘောင်တန်းအောင် လူငယ်တွေရဲ့စွမ်းအားနဲ့ မြှင့်တင်ပေးကြပါလို့ ပြောချင် ပါတယ်။ အဲ့လိုပဲ ကျန်တဲ့လူငယ်တွေဟာလည်း လက်ရှိလူရည်ချွန်မောင်မယ်တွေကို အားကျအတု ယူပြီးတော့ သူတို့ကို စံနမူနာခေါင်းတေ ပြသနိုင်ရန်နောက်ကနေပြီးတော့ ဆက်လက်ပြီးကြိုးပမ်းကြပါလို့ပြောချင်ပါတယ်။

ဒေါက်တာမိုးမိုးခိုင်(ခြောက်ထပ်ကွမ်းလူရည်ချွန်)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီး

မင်္ဂလာပါရှင် ကျွန်မကတော့ ဒေါက်တာမိုးမိုးခိုင် ဧရာဝတီတိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနက တိုင်းဒေသကြီးဦးစီးမှူး ဖြစ်ပါတယ်ရှင်၊ ကျွန်မဟာဆိုလို့ရှိရင် လူရည်ချွန်ကြီး တစ်ယောက် ဖြစ်ပါတယ်၊ ၁၉၈၁ ခုနှစ်ကနေပြီးတော့ ၁၉၈၆ အထိ လူရည်ချွန်ဆုကို (၆)ကြိမ် ဆက်တိုက် ရရှိခဲ့တဲ့ လူရည်ချွန်ဟောင်းကြီးတစ်ယောက်ဖြစ်ပါတယ်၊ အခုမျိုးဆက်သစ် လူရည်ချွန် လေးတွေကို သတင်းစကားပါးချင်တာကတော့ ကျွန်မတို့ကာလတုန်းက လူရည်ချွန်ရဖို့ဆိုရင် သက်ဆိုင်ရာ အတန်းပညာတွေကိုလည်း ကြိုးစားပြီးတော့ ထူးချွန်အောင်ဆောင်ရွက်ခဲ့ကြသလို ကိုယ်ခန္ဓာကျန်းမာ သန်စွမ်းရေးကိစ္စတွေ ဗဟုသုတအခြေအနေတွေ အားလုံးကိုကျွန်မတို့က သူများတွေထက်ပိုပြီးတော့ ထူးချွန်အောင်ဆောင်ရွက်ခဲ့ရတဲ့အတွက်ကြောင့် လူရည်ချွန်ဆုကိုရရှိ ခဲ့တာဖြစ်ပါတယ်၊ ဒါကြောင့်မို့လို့ အခုချိန်မှာရရှိခဲ့တဲ့ လူရည်ချွန်မျိုးဆက်သစ်တွေအနေနဲ့လည်း အခုလိုမျိုးပဲ အတန်းပညာတွေမှာရော အထွေထွေဗဟုသုတတွေရော ကျန်းမာကြံ့ခိုင်ရေးတွေမှာ သူများထက်ပိုပြီးတော့ ထူးချွန်အောင်ဆောင်ရွက်ကြပြီးတဲ့အခါမှာ အတန်းပညာတွေပြီးမြောက် သွားတဲ့အချိန်မှာဆိုရင် ကျရာအခန်းကဏ္ဍကနေပြီးတော့ နိုင်ငံတော်အတွက် မိမိဒေသအတွက် မိမိမိသားစု အတွက် အကောင်းဆုံး တာဝန်တွေထမ်းဆောင်သွားကြပါလို့ တိုက်တွန်းချင် ပါတယ်ရှင်။

မောင်ရဲမင်းကျော်(နှစ်ထပ်ကွမ်းလူရည်ချွန်)၊ စစ်ကိုင်းတိုင်းဒေသကြီး

ကျွန်တော်ကတော့ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ အ.ထ.က(၁)စစ်ကိုင်း Grade-12 မှ နှစ်ထပ်ကွမ်း လူရည်ချွန်ကျောင်းသား မောင်ရဲမင်းကျော်ပဲဖြစ်ပါတယ်ခင်ဗျာ။ တစ်နှစ်နဲ့တစ်နှစ်မတူဘူးပေါ့ဗျာ အခက်အခဲတွေအများကြီးနဲ့ တွေ့ဆုံခဲ့ရပါတယ်၊ ဒါပေမဲ့ကျွန်တော်တို့ အ.ထ.က(၁) စစ်ကိုင်းရဲ့ ဆရာ/ဆရာမအပါအဝင် ကျွန်တော်ရဲ့မိဘတွေ၊ မိသားစုတွေ သူငယ်ချင်းတွေအားလုံးရဲ့ ပံ့ပိုးကူညီမှု တွေကြောင့် ကျွန်တော်အပင်ပန်းခံသမျှ အရာရောက်ခဲ့ပြီးတော့ ကျွန်တော်နှစ်ထပ်ကွမ်းလူ ရည်ချွန်ဖြစ်ခဲ့ရပါတယ်၊ ကျွန်တော်ကတော့ စက်မှုနည်းပညာကို စိတ်ဝင်စားတဲ့အတွက်ကြောင့် Civil Engineer ကြီးဖြစ်ချင်ပါတယ်ခင်ဗျာ။ ကျွန်တော် ညီငယ်/မောင်ငယ်တွေကို ပထမဆုံးပြော ချင်တာကတော့ အမြဲတမ်းကြိုးစားနေဖို့ပါပဲခင်ဗျာ၊ ကိုယ်ကအမြဲတမ်းကြိုးစားနေမယ်ဆိုရင် တစ်ခါတ လေကြရင် အခွင့်အရေးဆိုတာ ပေါ်လာတတ်ပါတယ်။ ကျွန်တော်တို့ဘဝကို အပြောင်းအလဲ ဖြစ်စေနိုင်မဲ့ အခွင့်အရေးဆိုတာက အခိုက်အတန့်လေးတစ်ခုအတွင်းမှာ ရောက်လာပါလိမ့်မယ်၊ အဲ့ဒီအခိုက်အတန့်လေးအတွင်းမှာ ရောက်လာတာကို ကျွန်တော်တို့အနေနဲ့ အမိအရ ဖမ်းဆုပ်နိုင် ခဲ့မယ် ဆိုရင်တော့ အောင်မြင်မှုတွေနဲ့ ကြုံတွေ့ရလိမ့်မယ်။ ဒါကြောင့်မို့လို့ အခွင့်အရေးမရတိုင်းလည်း မကြိုးစားပဲမနေပါနဲ့ကြိုးစားရင်းနဲ့ပဲ အခွင့်အရေးတွေ‌ရောက်လာမှာဖြစ်ပါတယ်၊ အခုလိုမျိုး ကျွန်တော်တို့လူရည်ချွန်တွေကို အသိမှတ်ပြုပြီးတော့ အပန်းဖြေခရီးတွေကိုပို့ဆောင်‌ပေးတဲ့ နိုင်ငံတော်အကြီးအကဲနှင့်တကွ တာဝန်ရှိတဲ့လူကြီးများအားလုံးကို ကျွန်တော်ဒီကနေ လူရည်ချွန် အားလုံးကိုယ်စား ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။ ကျွန်တော်ကလည်း မနှစ်တုန်းက ငွေဆောင် အပမ်းဖြေခရီး ထွက်ဖူးတဲ့အခါကြတော့ ဒီနှစ်တော့ ကမ်းခြေတော့ မပို့လောက်တော့ဘူးဆိုပြီးတော့ ကျွန်တော်ထင်ခဲ့တာပေါ့ ဒါပေမဲ့ ကျွန်တော်တို့ Grade-12 လူရည်ချွန်တွေကို ချောင်းသာအပမ်းဖြေ ခရီးကိုပို့ပေးမယ်သိရတော့ ကျွန်တော်အရမ်းကို ဂုဏ်ယူပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က စစ်ကိုင်းတိုင်းဒေသကြီးကဖြစ်တဲ့အတွက် ကျွန်တော်တို့ အဲ့ဒီဘက်မှာဆိုရင် ပင်လယ်ဆိုတာ တီဗွီထဲမှာပဲမြင်ရတာပေါ့နော်။ အခုလိုမျိုးအပမ်းဖြေခရီး ပို့ဆောင်ပေးတဲ့အတွက် ကျွန်တော်တို့တွေ ပင်လယ်ကြီးရဲ့အလှတရားတွေကို ပိုပြီးတော့ တစ်နေ့တစ်မျိုး မရိုးရအောင် ကြည့်ခွင့်ရခဲ့အတွက် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

မခိုင်ခိုင်မော်(လူရည်ချွန်)၊ ကရင်ပြည်နယ်

မင်္ဂလာပါရှင် ကျွန်မကတော့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကရင်ပြည်နယ်ရဲ့ လူရည်ချွန်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရတဲ့ အ.ထ.က-ရွှေဘွန်းကျောင်း Grade-12 လူရည်ချွန် မခိုင်ခိုင်မော်ပဲဖြစ် ပါတယ်ရှင်။ လူရည်ချွန် (၃)ကြိမ်ဖြေဘူးတယ်ပေါ့ Grade -9 မှာတစ်ကြိမ်၊ Grade -9မှာကြတော့ ဘယ်မှမပါခဲ့ဘူး Grade -11 မှာလည်းဖြေဘူးတယ်၊ ဧကာဒသမတန်းမှာတော့ ခရိုင်အဆင့်ထိပါတယ်၊ ပြီးတော့ပြည်နယ်အဆင့်မှာ ပြုတ်သွားတယ်။ Grade-12 မှာတော့ သမီးပါသွားတယ်၊ အရမ်းဝမ်း သာတယ်၊ သိသိချင်း တော်တော်ဝမ်းသာခဲ့တယ် သမီးဆရာမတွေအကုန်လုံးလည်း ဝမ်းသာတယ် သမီးလူရည်ချွန်ဖြစ်ဖို့အတွက် အဓိကကတော့ သမီးဆရာမပေါ့ သမီးရဲ့ English ဆရာမပေါ့ သူကသမီးကို အပံ့ပိုးကူညီဆုံးပဲ မြန်မာဆရာမလည်းပဲ တအားကြီးဆွဲခေါ်ပြီးသင်တယ် အမှန်တော့ သမီးကဒီနှစ် ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင်တော့ လူရည်ချွန်မဖြေတော့ဘူးလို့ သမီးစဉ်းစားတယ် Grade -12 နောက်ဆုံးနှစ် အရေးကြီးတယ်ဆိုတော့ သမီးကျောင်းစာပဲ အာရုံစိုက်တော့မယ် ဒါပေမဲ့ ဆရာ/ဆရာမတွေက ပြောတယ် ဖြေလိုက်ပါပေါ့ ဖြစ်စေချင်တယ် သမီးရဲ့ဆရာမဒေါ်ယဉ်ယဉ်နွဲ့ပေါ့ သမီးကို သူကဆို တအားဖြစ်စေချင်တာ အဲ့ဒါကြောင့် သမီးကိုတအားဆွဲခေါ်တယ် တော်တော်ခေါ်ယူပြီးသင်ရတယ် ဒါပေမဲ့ သူစိတ်မပျက်ဘူး သမီးကို အမြဲသင်ပေးတယ် ကာယဆရာကလည်း ကာယအချိန်ကြရင် ခေါ်ပြီးသင်ပေးတယ် သင်္ချာနဲ့ဆိုလည်း ဒီလိုပဲ၊ သမီးအခုလိုမျိုးရတယ်ဆိုတာ သမီးဆရာ/ဆရာမတွေရဲ့ကျေးဇူးအများကြီးပါတယ် သုံးထပ်ကွမ်း၊ နှစ်ထပ်ကွမ်းလူရည်ချွန်တွေက အများကြီးဂုဏ်ယူဖို့ကောင်းတယ် အားလည်းအားကျတယ် လမ်းခရီးတစ်လျောက်မှာလည်း တော်တော်လည်းကူညီကြတယ်  အကြံဉာဏ်တွေလည်းပေးတယ် ဘာတွေလိုအပ်လဲ ဖေးဖေးမမရှိတယ် အဲ့လိုဆိုတော့ အရမ်းကောင်းပါတယ်။ နောင်လာမဲ့လူရည်ချွန် သစ်တွေကို ပြောချင်တာကတော့ စိတ်ဓာတ်မကျဖို့နဲ့ကြိုးစားဖို့ ဒီနှစ်မပါလည်း နောက်ဆုံး တစ်နေ့ကြရင် လိုချင်တဲ့ပန်းတိုင်ကို ရောက်မှာပေါ့။ သမီးရဲ့လက်ရှိ ရည်မှန်းထားတဲ့ပန်းတိုင်ကတော့ အင်ဂျင်နီယာ တက္ကသိုလ်တက်ဖို့ စဉ်းစားထားပါတယ်။ သမီးတို့လူရည်ချွန်စခန်း (ချောင်းသာ)ကို ရောက်တဲ့အချိန် မိုးတအားကြီးချုပ်နေပေမဲ့ ဒေသခံတွေ၊ ဌာနဆိုင်ရာတွေကစောင့်ပြီး ကြိုပေးကြတယ် အတီးအမှုတ် အကအခုန်တွေနဲ့လည်း ကြိုဆိုခဲ့ကြတဲ့အတွက် အရမ်းလည်း ပျော်တယ် အရမ်းလည်းဝမ်းသာကြည်နူးမိပါတယ်ရှင်။

မေးမြန်းတင်ဆက်- ကျော်ကျော်(ပြန်/ဆက်)