ကော့သောင်း ဧပြီ ၃၀
မြန်မာနိုင်ငံ့နေရာအနှံ့အပြားတွင် ရာသီဥတုအလွန်ပူပြင်းပြီး ရေများခမ်းခြောက်နေသောအခါ မိုးများရွာသွန်းစေရန်အလို့ငှာ မြန်မာတို့၏သက်ဝင်ယုံကြည်မှုဖြင့် ငါးရံ့မင်းပရိတ်တရားရွတ်ဖတ်ပူဇော်ခြင်းနှင့်မိုးခေါ်ပွဲများကို ပြုလုပ်လျက်ရှိကြရာ ကော့သောင်းမြို့တွင် ယမန်နေ့နံနက်ပိုင်းက ပြည်တော်အေးသာသနာ့ဗိမာန်တော်တွင် သံဃာတော်များမှ ငါးရံ့မင်းပရိတ်(မိုးပရိတ်) တရားတော်များရွတ်ဖတ်ပူဇော်ခြင်းနှင့် ညနေပိုင်းတွင် လွန်ဆွဲပွဲများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ငါးရံ့မင်းပရိတ်ဖြစ်တော်စဉ်မှာ ဘုရားလောင်းငါးရံ့မင်းဘဝက နွေရာသီမိုးအလွန်ခေါင်ပြီး ရေများခမ်းခြောက်၍ ရေကန်အတွင်းငါးအစရှိသည့် သတ္တဝါများ ရေတွင်မကူးခတ်နိုင်ပဲ ရေပေါ်သို့ ပေါ်လာလေပြီး ယင်းသတ္တဝါတို့အား ကျီး၊ စွန်၊ လင်းတများမှ လာရောက်စားသောက်ကြသည်။
ထိုအဖြစ်ကိုမြင်ရသော အလောင်းတော်ငါးရံ့မင်းမှာ များစွာစိတ်ဒုက္ခရောက်နေရှာ၍ အဆုံးတွင် “သိတတ်သည့်အရွယ်မှစ၍ ယနေ့ထိ သူတစ်ပါး၏ အသက်ကို သေစေလိုသောစိတ်ဖြင့် စားမျိုခဲ့ခြင်း မရှိပါ။ ဤမှန်ကန်သော သစ္စာစကားဖြင့် မိုးများရွာသွန်းပါလော့” ဟု သစ္စာပြုလိုက်တော့သည်။ ထိုသို့ သစ္စာပြုလိုက်သည်နှင့်တစ်ပြိုင်နက် ပူပြင်းလှသည့် နေမင်းကြီး အရှိန်ကွယ်ပျောက်ကာ ကောင်းကင်တစ်ပြင်လုံး အုံ့မှိုင်းညိုမည်း လျှပ်စီးရောင်ဝင်းကာ ပြင်းစွာထစ်ချုန်းသည်းစွာသော မိုးကြီးရွာချလိုက်လေတော့သည်” ဟု ဇာတ်နိပါတ်တော်တွင် ပါရှိသည်။
အဆိုပါ ငါးရံ့မင်းပရိတ် (မစ္ဆသုတ်တော်)ကို နေ့စဉ်ရွတ်ဖတ်ပူဇော်ပါက မိုးကိုရွာသွန်းစေနိုင်ကြောင်း မိုးတွင်းကာလမဟုတ်၍ မိုးမရွာသည့်တိုင် အလွန်ပူလောင်ပြင်းပြသောရာသီတွင် ရွတ်ဖတ်ပူဇော်ပါက အပူရှိန်လျော့ပါးပြီး အပူဒဏ်ကြောင့်ဖြစ်သော ရောဂါများကင်းစေနိုင်ကြောင်း ဗုဒ္ဓဘာသာဝင်များက ယုံကြည်ကြ၍ သက်ဝင်ယုံကြည်စွာ ရွတ်ဖတ်ပူဇော်လျက်ရှိပြီး၊ မြန်မာတို့၏ရှေးရိုးအစဉ်အလာအရ ဆိုင်းသံဗုံသံများဖြင့် လွန်ဆွဲပွဲ(မိုးခေါ်ဆုတောင်းပွဲ)များလည်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)