မြိတ် ဧပြီ ၃၀
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြည်သူများ ဝယ်ယူသုံးစွဲနေကြသည့် ဆေးဝါးများကို ဈေးကွက်အတွင်း ဆေးညွှန်းစာဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် တရားမဝင်ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိကို မြိတ်ခရိုင် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှ ပဋိဇီဝဆေးယဉ်ပါးမှုကာကွယ်ရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စျေးကွက်အတွင်း ရောင်းချနေသော ဆေးဆိုင်များ၌ တရားမဝင်ဆေးများ ရောင်းချခြင်းရှိမရှိ၊ ကုမ္ပဏီများမှ တင်သွင်းဖြန့်ဖြူးနေသည့် ဆေးဝါးများတွင် မှတ်ပုံတင်ထားခြင်းရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများရှိ/မရှိ၊ ဆေးညွှန်းစာဖြင့် ရောင်းချခြင်းရှိ/မရှိကို စစ်ဆေးဆောင်ရွက်၍ အသိပညာပေးခဲ့ကြသည်။
အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှ ရောင်းချနေသော ဆေးဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ကြရာ၌ ဆေးဆိုင် (၃) ဆိုင်တွင် မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါး (၃) မျိုး စစ်ဆေးတွေ့ရှိရ၍ သိမ်းဆည်းခဲ့ကြပြီး ဥပဒေအရအရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။
ခိုင်ထူး (ပြန်/ဆက်)